သတိုး
၁၃. ၁၀. ၂၀၂၆
မြန်မာနိုင်ငံအတွင်း အွန်လိုင်းလိမ်လည်မှုများနှင့် လောင်းကစားမှုများ အပါအဝင် ကျားဖြန့်ရာဇဝတ်မှုများကို ကျူးလွန်ခဲ့သည့် ဝေ (Wei) မိသားစု ဦးဆောင်သော ရာဇဝတ်ဂိုဏ်း၏ ထိပ်တန်းအဖွဲ့ဝင် သုံးဦးအား တရုတ်နိုင်ငံက ယနေ့ အောက်တိုဘာ ၁၃ ရက်တွင် သေဒဏ် အမိန့်ချမှတ်လိုက်သည်။
တရုတ်နိုင်ငံအရှေ့ပိုင်း ဖူကျင်း (Fujian) ပြည်နယ်၊ ချွမ်းကျိုး (Quanzhou) တရားရုံးနှင့် နန်အန် (Nan’an) ပြည်သူ့တရားရုံးတို့၏ အမိန့်ချမှတ်ချက်များအရ ခေါင်းဆောင်ဖြစ်သူ ဝေစန်း အပါအဝင် သုံးဦးကို သေဒဏ်ချမှတ်ခဲ့ပြီး အခြားသော တရားခံသုံးဦးကို ထောင်ဒဏ်တစ်သက် ချမှတ်ခဲ့ကာ ကျန်တရားခံ ၅၅ ဦးမှာမူ ထောင်ဒဏ် ၃ နှစ် ၃ လမှ ၂၄ နှစ်အထိ ကျခံရမည်ဖြစ်ကြောင်း သိရသည်။
ကျားဖြန့် (အွန်လိုင်းငွေလိမ်) လုပ်ငန်းများ၊ လူသတ်မှု၊ ပြန်ပေးဆွဲမှုနှင့် မူးယစ်ဆေးဝါးမှုများဖြင့် တရုတ်နိုင်ငံသို့ လွှဲပြောင်းခံခဲ့ရသည့် ကိုးကန့်ထိပ်သီးမိသားစုများထဲမှ မြီမိသားစု နှင့် ပယ်မိသားစု ဝင်များကို တရုတ်တရားရုံးများက သေဒဏ်ချမှတ်ခဲ့ပြီး ၂၀၂၆ ခုနှစ်ဆန်းပိုင်းတွင် ကွပ်မျက်မှုများ လုပ်ဆောင်ခဲ့ပြီးဖြစ်ကာ ၂၀၂၆ ခုနှစ် ဇန်နဝါရီလအတွင်းတွင် မြီမိသားစု ခေါင်းဆောင်ဟောင်း (ကွယ်လွန်သူ မြီရွှေချန်း) ၏ သားဖြစ်သူ မြီကော်ဖျင် အပါအဝင် မိသားစုဝင်နှင့် အပေါင်းအပါ ၁၁ ဦးကို တရုတ်နိုင်ငံက သေဒဏ်စီရင် ကွပ်မျက်ခဲ့သည်။ ၎င်းတို့သည် တရုတ်နိုင်ငံသားများကို သတ်ဖြတ်မှု၊ နှိပ်စက်မှုများနှင့် ငွေလိမ်လည်မှုများအတွက် အဓိက တရားခံများအဖြစ် ပြစ်ဒဏ်ချမှတ်ခံရခြင်း ဖြစ်သည်။
ထို့အတူ ကိုးကန့်ဒေသ၏ ထိပ်သီးခေါင်းဆောင်ဟောင်း ပယ်ဆောက်ချိန်၏ မိသားစုဂိုဏ်းကိုလည်း တရုတ်တရားရုံးက သေဒဏ်ချမှတ်ခဲ့သည်။ အဓိက ခေါင်းဆောင် ပယ်ဆောက်ချိန်သည် ပြစ်ဒဏ်စီရင်ခြင်း မခံရမီ ရောဂါဖြင့် သေဆုံးသွားခဲ့သော်လည်း၊ ၎င်း၏သားဖြစ်သူ ပယ်ရင်ချန် အပါအဝင် ပယ်မိသားစု ဂိုဏ်းဝင် ၄ ဦးကို ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလတွင် တရုတ်နိုင်ငံက သေဒဏ်စီရင် ကွပ်မျက်ခဲ့သည်။
အထက်ပါ မိသားစုကြီးများအပြင် ကိုးကန့်ဒေသ ကျားဖြန့်လုပ်ငန်းများနှင့် ဆက်နွှယ်နေသည့် Xu မိသားစုခေါင်းဆောင် ရွှီလောက်ဖာ ကိုလည်း သေဒဏ်ပေး ကွပ်မျက်ခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံသည် ၎င်းတို့၏ နိုင်ငံသားများကို ပစ်မှတ်ထားသည့် ရှမ်းမြောက်ဒေသမှ ရာဇဝတ်ဂိုဏ်းများကို နှိမ်နင်းရာတွင် ကိုးကန့်မိသားစုကြီးများ၏ ထိပ်သီးခေါင်းဆောင်များကို ခြွင်းချက်မရှိ သေဒဏ်ပေးကာ အပြတ်အသတ် အရေးယူဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။
ကျန်ရှိနေသေးသည့် ကိုးကန့်မိသားစုကြီးတစ်စုဖြစ်သော လျူမိသားစုနှင့် ပတ်သက်၍မူ တရားရုံးက စွဲချက်တင် စစ်ဆေးမှုများ လုပ်ဆောင်နေဆဲဖြစ်သည်။
Ref: China Daily
