၁၃.၁၀.၂၀၂၆
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စုသမ္မတ ဒေါ်နယ်ဒ်ထရမ့်ပ်ရဲ့ ပြီးခဲ့တဲ့ရက်သတ္တပတ်ကုန်က ယူကရိန်းသမ္မတ ဇယ်လန်စကီးရဲ့နေရာမှာ သမ္မတအသစ်တစ်ဦး ရွေးချယ်ဖို့ ဝေဖန်ပြောကြားချက်ကို တုံ့ပြန်တဲ့အနေနဲ့ ဇယ်လန်စကီးက ရုရှားသမ္မတ ဗလာဒီမာ ပူတင်အနေနဲ့ ရက်ပေါင်း ၆၀ ကြာ အပစ်အခတ်ရပ်စဲရေးကို သဘောတူညီပါက ယူကရိန်းမှာ ရွေးကောက်ပွဲများ ကျင်းပပေးမယ်လို့ အောက်တိုဘာလ ၁၁ ရက်မှာ တုံ့ပြန်ခဲ့ပါတယ်။
ထရမ့်ပ်ရဲ့ ဇယ်လန်စကီးကို အစားထိုးဖို့ အောက်တိုဘာ ၁၀ ရက်က ပြောကြားချက်အပေါ် ယူကရိန်းအစိုးရသာမက ဥရောပနိုင်ငံတွေကပါ ဆန့်ကျင်ပြောကြားမှုတွေရှိခဲ့တာကြောင့် ဒီကိစ္စက အမေရိကန်နဲ့မဟာမိတ်တွေအကြား စိတ်ဝမ်းကွဲမှုတွေတောင် ထပ်ဖြစ်စေခဲ့ပါသေးတယ်။
ယူကရိန်းသမ္မတ ဇယ်လန်စကီးက ဒီပြောကြားချက်အပေါ် တုံ့ပြန်တဲ့အနေနဲ့ “ယူကရိန်း ခေါင်းဆောင်ကို ရွေးချယ်တာက ယူကရိန်းပြည်သူတွေရဲ့ ဆုံးဖြတ်ချက်သာဖြစ်တယ်။ ဒီတော့ ပူတင်ကို ဒီလိုပြောပေးပါ၊ ကျွန်တော်တို့ကို ရက်ပေါင်း ၆၀ ကြာ လုံးဝအပစ်အခတ်ရပ်စဲရေးကာလပေးပါ။ ဒါဆိုရင် ကျွန်တော်တို့ ရွေးကောက်ပွဲ ကျင်းပပေးပါမယ်” လို့ ABC သတင်းဌာနရဲ့ “This Week” အစီအစဉ်မှာ အောက်တိုဘာလ ၁၁ ရက်က ပြောကြားခဲ့တာပါပဲ။
ယူကရိန်းစစ်ပွဲအတွက် ရန်ပုံငွေရရှိမှုကို ဟန့်တားတဲ့အနေနဲ့ ရုရှားအပေါ် လောင်စာဆီဆိုင်ရာ ပိတ်ဆို့အရေးယူမှုတွေကို အမေရိကန်က ယာယီရုပ်သိမ်းပေးပြီး နောက်တစ်ရက်မှာပဲ ယူကရိန်းက ရုရှားရေနံချက်စက်ရုံတွေကို တိုက်ခိုက်ခဲ့တာအတွက် ထရမ့်ပ်က အောက်တိုဘာလ ၁၀ ရက်က ဇယ်လန်စကီးကို ဝေဖန်ခဲ့ပါတယ်။
ဒီလိုတိုက်ခိုက်မှုတွေကြောင့် ဒီဇယ်ဆီဈေးနှုန်းတွေတက်ရတယ်လို့ ထရမ့်ပ်က ပြောခဲ့ပါတယ်။ ဒါပေမယ့် ဇယ်လန်စကီး ကတော့ “ကမ္ဘာပေါ်ရှိ လူတိုင်းက အရှေ့အလယ်ပိုင်းဒေသ ပဋိပက္ခကြောင့် ဈေးနှုန်းတွေ မြင့်တက်နေတာကို နားလည်သဘောပေါက်ထားကြပေမယ့် လောင်စာဆီဈေးနှုန်း မြင့်တက်မှုအတွက် ယူကရိန်းကို အပြစ်တင်တာက လွယ်ကူလွန်းနေတယ်”လို့ တုံ့ပြန်ခဲ့ပါတယ်။
ရုရှားသမ္မတပူတင်ကလည်း ယူကရိန်းခေါင်းဆောင်ကို အစားထိုးဖို့ လိုနေလိမ့်မယ်လို့ ထောက်ပြပြောဆိုခဲ့တယ်လို့ သိရပါတယ်။
Ref: Reuters
