သက်တံ့
၁၃. ၁၀. ၂၀၂၆
ဒလမြို့တွင် အဆင့်မြှင့်တင်ပေးနေသော သောက်သုံးရေကန်သုံးခုမှ ရေပန်းအလှဆင်မီးလုံးများနှင့် ဝိုင်ယာကြိုးများ ခိုးယူသွားသူများအား ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက အမှုဖွင့်ဖွင့်လှစ်ထားကြောင်း သိရသည်။
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု) အနေဖြင့် မြေသားမိုးရေစုကန်များကို သန့်ရှင်း သပ်ရပ်မှုရှိစေရန်နှင့် ပြည်သူများ သန့်ရှင်းသော ရေရယူသုံးစွဲနိုင်ရန်နှင့် အပန်းဖြေအနားယူနိုင်ရန် ရည်ရွယ်၍ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းကို ဆောင်ရွက်ပေးလျက်ရှိရာ ဒလမြို့နယ်အတွင်းရှိ သောက်သုံးရေကန်များကိုလည်း အဆင့်မြှင့်တင်ဆောင်ရွက်လျက်ရှိသည်။
အများပြည်သူ အပန်းဖြေအနားယူချိန်တွင် စိတ်ကြည်လင် လန်းဆန်းစေရန်နှင့် မျက်စိပသာဒဖြစ်စေရန် ရည်ရွယ်တပ်ဆင်ထားသော ဒလမြို့ ဘုရင့်နောင်ရပ်ကွက်ရှိ ဘုရင့်နောင်ကန်၌ ရေပန်းအလှဆင် မီးလုံးများ၊ စက်မြေရပ်ကွက်ရှိ စည်ပင်မင်္ဂလာကန်အမှတ်(၁) နှင့် စည်ပင် မင်္ဂလာကန်အမှတ်(၂) တို့တွင် တပ်ဆင်ထားသော ရေပန်းအလှဆင် မီးလုံးသို့ သွယ်တန်းထားသည့် ဝိုင်ယာကြိုးများသည် အောက်တိုဘာ ၉ ရက်နှင့် ၁၁ ရက်တို့တွင် ခိုးယူခြင်းခံရသည့်ဖြစ်စဉ် ဖြစ်ပွားခဲ့သည်။
အဆိုပါဖြစ်စဉ်နှင့်စပ်လျဉ်း၍ ဒလမြို့မရဲစခန်းတွင် အမှုဖွင့်လှစ်ထားပြီး ခိုးယူသွားသူများအား အရေးယူနိုင်ရေး ဆောင်ရွက်ထားရှိကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု)မှ သိရသည်။
ထို့ပြင် ကန်သန့်ရှင်းသာယာရေးနှင့် ကန်လုံခြုံရေးတို့ကို ပြည်သူများအနေဖြင့် ပူးပေါင်းကူညီဆောင်ရွက်ပေးကြရန် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက မေတ္တာရပ်ခံထားကြောင်း သိရသည်။
