၁၃.၁၀.၂၀၂၆
Written by KL
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ်၊ (၁၃) ရပ်ကွက်၊ ရွှေယင်းမာလမ်းရှိ စိန်ကြယ်စင် အထွေထွေရောဂါကုဆေးခန်းတွင် အောက်တိုဘာလ ၁၁ ရက် ညပိုင်းက ဖြစ်ပွားခဲ့သော မီးလောင်မှုမှာ စိတ်ကျန်းမာရေး လာရောက်ကုသသည့် အမျိုးသမီးတစ်ဦး ဆေးလိပ်သောက်ရာမှ မီးပွားကျ၍ ခုတင်ရှိ စောင်ပါးပေါ်သို့ မီးကူးစက်၍ လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး ဆေးခန်းပိုင်ရှင်ကို အမှုဖွင့်လှစ်ထားကြောင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးထံမှ သိရသည်။
ရပ်ကွက်နေသူတစ်ဦး၏ လူမှုကွန်ရက်တွင် ရေးသားထားချက်အရ ပုဂ္ဂလိက စိတ်ကျန်းမာရေးဆေးရုံဖွင့်လှစ်ထားခြင်းဖြစ်ပြီး မီးလောင်မှုကြီးမားပါက ဆေးခန်းတွင်ရှိနေသော စိတ်ဝေဒနာသည်များအတွက် မတွေးဝံ့စရာဖြစ်ကြောင်း၊ ရပ်ကွက်တွင် အိမ်ခြေစိပ်၍ လမ်းကျဥ်းသည့်အတွက်လည်း မတွေးဝံ့စရာဖြစ်ကြောင်း၊ လူနေရပ်ကွက်ထဲ စိတ်ကျန်းမာရေးဆေးရုံဖွင့်ထားသည်မှာ မဖြစ်သင့်ကြောင်း ရေးသားထားသည်။
ထိုဖြစ်ရပ်တွင် RC သုံးထပ်တိုက်ဖြင့် ဖွင့်လှစ်ထားသော စိန်ကြယ်စင် အထွေထွေရောဂါကုဆေးခန်း ပထမထပ်ရှိ အခန်းတစ်ခန်း၌ ခြောက်မိနစ်ကြာမီးလောင်မှုကြောင့် အဲယားကွန်း တစ်လုံး၊ ဆက်တီတစ်စုံတို့ မီးလောင်ခဲ့ပြီး အသက် ၃၀ အရွယ် အမျိုးသမီးလူနာတစ်ဦးမှာ ညာဘက်ကျောနှင့် ညာဘက်ဖိနောင့် မီးဟပ်ဒဏ်ရာရရှိခဲ့သဖြင့် မိုးစေတနာပရဟိတ၏ သူနာတင်ယာဥ်ဖြင့် မြောက်ဥက္ကလာပပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကုသခဲ့ကြောင်း သိရသည်။
မီးလောင်မှုကြောင့် ဆေးခန်းပိုင်ရှင် အသက် ၅၄ နှစ်အရွယ် အမျိုးသမီးကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၈၅ ဖြင့် ရန်ကင်းမြို့မရဲစခန်းက အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
