၁၄.၁၀.၂၀၂၆
Translated by Htwe Ko Tun
တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် မြောက်ကိုရီးယားကို ဆက်သွယ်ထားပြီး ကြာမြင့်စွာ ကြန့်ကြာနေခဲ့သည့် တံတားတစ်စင်းကို အောက်တိုဘာ ၁၅ ရက်တွင် ဖွင့်လှစ်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံပိုင် သတင်းဌာန Xinhua က ဖော်ပြခဲ့သည်။ ၎င်းက အိမ်နီးချင်းနိုင်ငံနှစ်ခုကြား စီးပွားရေးဆက်ဆံရေး ပိုမိုနက်ရှိုင်းလာမှုကို ပြသသည့် နောက်ထပ်လက္ခဏာတစ်ခုလည်း ဖြစ်သည်။
ဖွင့်ပွဲအခမ်းအနားကို နှစ်ဖက်စလုံးက ပူးတွဲကျင်းပမည်ဖြစ်ကြောင်း အဆိုပါသတင်းတွင် ဖော်ပြထားသည်။
မြောက်ကိုရီးယားက ရုရှားနိုင်ငံနှင့် ပထမဆုံးသော ကားလမ်းတံတားကို ဖွင့်လှစ်ပြီး ရက်သတ္တပတ် အနည်းငယ်အကြာတွင် ယခုတံတားသစ်ဖွင့်လှစ်ခြင်းက တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် မြောက်ကိုရီးယားတို့အကြား နှစ်နိုင်ငံဆက်ဆံရေး ပိုမိုတိုးတက်လာမှုကို ပြသနေခြင်းဟုလည်းဆိုကြသည်။
အရှည် ၃,၀၂၆ မီတာ ရှိပြီး ယာဥ်ကြောလေးလမ်းပါဝင်သည့် Yalu မြစ်ကူးယာဉ်သွားလာရေးတံတားသစ်သည် တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း နယ်စပ်မြို့ဖြစ်သော ဒန်ဒေါင်းမြို့နှင့် ကမ္ဘာပေါ်တွင် အထီးကျန်အဆန်ဆုံးနိုင်ငံများထဲမှ တစ်ခုဖြစ်သည့် မြောက်ကိုရီးယားနိုင်ငံတို့ကို ဆက်သွယ်ပေးထားသည်။
တရုတ်နိုင်ငံဘက်ခြမ်းရှိ တံတားအပိုင်းကို ၂၀၁၄ ခုနှစ်ကတည်းက တည်ဆောက်ပြီးစီးခဲ့သော်လည်း မြောက်ကိုရီးယားဘက်တွင်မူ တံတားချဉ်းကပ်လမ်းများနှင့် အကောက်ခွန်ဆိုင်ရာ အဆောက်အအုံများကို အပြီးမသတ်နိုင်ဘဲ ရပ်တန့်ထားခဲ့သည်။ မြောက်ကိုရီးယား၏ နျူကလီးယားစမ်းသပ်မှုများနှင့် နောက်ဆက်တွဲ ကုလသမဂ္ဂ၏ ပိတ်ဆို့အရေးယူမှုများကြောင့် နှစ်နိုင်ငံဆက်ဆံရေး တင်းမာလာခဲ့ခြင်းက အကြောင်းရင်းတစ်ခု ဖြစ်သည်။
မြောက်ကိုရီးယားသည် ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း ၎င်း၏နယ်စပ်များကို ပိတ်ထားခဲ့ပြီး အရှေ့အာရှ အိမ်နီးချင်းနိုင်ငံနှစ်ခုကြား ရထားခရီးစဉ်များကို ခြောက်နှစ်ကြာ ရပ်နားထားခဲ့ရာမှ မတ်လတွင် ပြန်လည်စတင်ခဲ့သည်။
တံတားသစ်က ဆယ်စုနှစ်များစွာ သက်တမ်းရှိပြီဖြစ်သော တရုတ်-ကိုရီးယား ချစ်ကြည်ရေးတံတားအတွက် အစားထိုးလမ်းကြောင်းတစ်ခု ဖြစ်လာစေရန် ရည်ရွယ်ထားသည်။ ချစ်ကြည်ရေးတံတားဟောင်းကို ယခင်က ခရီးသည်တင်ရထားများ ပုံမှန်အသုံးပြုခဲ့သော်လည်း ၎င်း၏ သယ်ယူ ပို့ဆောင်နိုင်စွမ်းမှာ ကန့်သတ်ချက်များ ရှိနေသည်။
မြောက်ကိုရီးယားနှင့် ရုရှားတို့အကြား ကုန်သွယ်မှုတွင် စစ်ရေးဆိုင်ရာ ပစ္စည်းများ အဓိကပါဝင်သော်လည်း တရုတ်နိုင်ငံနှင့် ကုန်သွယ်မှုတွင်မူ မြောက်ကိုရီးယား၏ အရပ်ဘက်စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရန် အလိုအပ်ဆုံးဖြစ်သော ကုန်ပစ္စည်းများ ပါဝင်နိုင်ဖွယ်ရှိသည်ဟု လေ့လာသုံးသပ်သူများက ဆိုကြသည်။
“အခုအချိန်အထိ ဒန်ဒုန်မြို့ရှိ ရာလူမြစ်ကူးတံတားတွေက ပြုလုပ်တဲ့ ကုန်စည်နဲ့ လူအသွားအလာ ဖလှယ်မှုပမာဏမှာ အကန့်အသတ်ရှိနေသေးပေမယ့် တံတားသစ်ဖွင့်လှစ်လိုက်တာနဲ့ နေ့စဉ် ယာဉ်အစီးရေ ရာနှင့်ချီပြီး ဖြတ်သန်းသွားလာနိုင်မှာပါ” ဟု မြောက်ကိုရီးယားနိုင်ငံဖွား လေ့လာသူ အန်ချန်အီလ်က AFP သတင်းဌာနသို့ ပြောကြားခဲ့သည်။
“ဒီတံတားက တရုတ်နိုင်ငံရဲ့ ပေါများလှတဲ့ ကုန်စည်တွေနဲ အရင်းအမြစ်တွေ မြောက်ကိုရီးယားနိုင်ငံကို စီးဝင်ရာလမ်းကြောင်းတစ်ခု ဖြစ်လာနိုင်ပြီး မြောက်ကိုရီးယားနိုင်ငံ စီးပွားရေးကို သိသိသာသာ မြှင့်တင်ပေးနိုင်မှာပါ”ဟုလည်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။
တံတားဖွင့်လှစ်မည့်ကိစ္စနှင့် ပတ်သက်သည့် အခြေအနေကို တောင်ကိုရီးယားအစိုးရအနေဖြင့် အနီးကပ် စောင့်ကြည့်လျက်ရှိကြောင်း တောင်ကိုရီးယားနိုင်ငံ၏ ပေါင်းစည်းရေးဝန်ကြီးဌာနက AFP သို့ ပြောကြားခဲ့သည်။
တစ်ချိန်က မြောက်ကိုရီးယားနိုင်ငံအတွက် ပြည်ပခရီးသွားအများစုဖြစ်ခဲ့သည့် တရုတ်နိုင်ငံသားများအား ခရီးသွားဗီဇာ ထုတ်ပေးခြင်းကို မြောက်ကိုရီးယားနိုင်ငံက ယခုအချိန်အထိ ပြန်လည်စတင်ခြင်း မရှိသေးပေ။
တရုတ်နိုင်ငံက မြောက်ကိုရီးယား၏ အကြီးမားဆုံး ကုန်သွယ်ဖက်နိုင်ငံဖြစ်ပြီး အများပြည်သူနှင့် အဆက်အသွယ်နည်းပါးသော နျူကလီးယားလက်နက်ပိုင်ဆိုင်သည့် ဤနိုင်ငံအတွက် သံတမန်ရေးရာ၊ စီးပွားရေးနှင့် နိုင်ငံရေးဆိုင်ရာ အထောက်အပံ့များ ပေးအပ်ရာ အဓိကကျသော နိုင်ငံတစ်နိုင်ငံလည်း ဖြစ်သည်။
ပြီးခဲ့သည့်နှစ်က တရုတ်နိုင်ငံမှ မြောက်ကိုရီးယားသို့ တင်ပို့မှုပမာဏသည် အမေရိကန်ဒေါ်လာ ၂ ဒသမ ၃ ဘီလီယံအထိ ရှိခဲ့ပြီး ၎င်းမှာ လွန်ခဲ့သော ခြောက်နှစ်တာကာလအတွင်း အမြင့်ဆုံးပမာဏဖြစ်သလို ယခင်နှစ်ကထက် ၂၅ ရာခိုင်နှုန်း တိုးတက်လာခြင်းလည်း ဖြစ်သည်။
သို့သော်လည်း အဆိုပါပမာဏမှာ ၂၀၁၇ ခုနှစ်က ကုလသမဂ္ဂ၏ ပိတ်ဆို့အရေးယူမှုများ မချမှတ်မီကာလမှာ ရှိခဲ့သော ပမာဏအဆင့်အထိ ရောက်ရှိခြင်း မရှိသေးပေ။
Ref- Xinhua, CNA
