သက်တံ့
၁၃. ၅. ၂၀၂၆
မစ္စစ္စပီပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်း Kirk Fordice ၏သားဖြစ်သူ Dan Fordice သည် ယမန်နေ့ မေလ ၁၂ ရက် (အင်္ဂါနေ့) က အင်ဂျင်တစ်လုံးတပ် တိုက်လေယာဉ်ငယ်ပျက်ကျမှုကြောင့် သေဆုံးသွားခဲ့ကြောင်း သတင်းဌာနများနှင့် တာဝန်ရှိသူများက အတည်ပြုခဲ့ကြသည်။
ဖြစ်စဉ်မှာ အင်္ဂါနေ့ မွန်းလွဲ ၃ နာရီခန့်တွင် လူဝီစီယားနားပြည်နယ်၊ Madison Parish ရှိ Vicksburg-Tallulah ဒေသတွင်းလေဆိပ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ပျက်ကျသည့် P-51 Mustang တိုက်လေယာဉ် (P-51 Mustang Fighter) ပေါ်တွင် Dan Fordice တစ်ဦးတည်းသာ ပါရှိခဲ့ပြီး လေယာဉ်ပျက်ကျချိန်တွင် သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း ဒေသခံရဲအရာရှိရုံးက အတည်ပြုခဲ့သည်။
Dan Fordice သည် Vicksburg ဇာတိဖြစ်ပြီး ၎င်းတို့မိသားစုပိုင် Fordice Construction Company တွင် ဒါရိုက်တာ (Director Emeritus) အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။ ၎င်းသည် စစ်မှုထမ်းဟောင်းတစ်ဦးလည်းဖြစ်ပြီး တိုက်ပွဲအတွင်း ဒဏ်ရာရရှိခဲ့သည့် စစ်သည်များ (Purple Heart ဆုတံဆိပ်ရသူများ) ကို ပြန်လည်ကုသရာတွင် ကူညီပေးသည့် Warrior Bonfire Program အမည်ရှိ အကျိုးအမြတ်မယူသော အဖွဲ့အစည်းကို တည်ထောင်ခဲ့သူဖြစ်သည်။
ထို့အပြင် အမေရိကန်ကြည်းတပ်နှင့် မစ္စစ္စပီ အမျိုးသားအစောင့်တပ်ဖွဲ့ (National Guard) တို့တွင် တာဝန်ထမ်းဆောင်ခဲ့ဖူးပြီး လေယာဉ်ပျံသန်းမှုကို ဝါသနာထုံသူတစ်ဦးလည်း ဖြစ်သည်။ တိုက်လေယာဉ်ပျက်ကျမှုကြောင့် Dan Fordice သေဆုံးသွားကြောင်း သတင်းထွက်ပေါ်လာပြီးနောက် မစ္စစ္စပီပြည်နယ် ဒုတိယအုပ်ချုပ်ရေးမှူး Delbert Hosemann နှင့် ပြည်နယ်စာရင်းစစ်ချုပ် Shad White တို့အပါအဝင် အစိုးရတာဝန်ရှိသူများက လူမှုကွန်ရက်မှတစ်ဆင့် ဝမ်းနည်းစကားများ ဆိုခဲ့ကြသည်။
“စစ်မှုထမ်းဟောင်းတွေကို ကူညီပေးပြီး သူတို့အတွက် မျှော်လင့်ချက်တွေ ဖန်တီးပေးခဲ့တဲ့ Dan Fordice ဆုံးရှုံးသွားတဲ့အတွက် ကျွန်တော်တို့ အလွန်ပဲ စိတ်မကောင်းဖြစ်ရပါတယ်”ဟု Hosemann က ပြောခဲ့သလို စာရင်းစစ်ချုပ် Shad White ကလည်း “ကျွန်တော့်သူငယ်ချင်း Dan ဆုံးရှုံးသွားတဲ့အတွက် ဝမ်းနည်းရပါတယ်။ Fordice မိသားစုဝင်တွေဟာ တိုက်ပွဲဝင်တတ်သူတွေနဲ့ အမှန်တရားကို ရဲရဲဝံ့ဝံ့ပြောဆိုသူတွေဖြစ်ပြီး ဒီနေ့မှာတော့ လူကောင်းတစ်ယောက်ကို ကျွန်တော်တို့ ဆုံးရှုံးလိုက်ရပါပြီ။”ဟု ဝမ်းနည်းစကားဆိုသည်။
Dan Fordice ၏ ဖခင်ဖြစ်သူ Kirk Fordice သည် ၁၉၉၂ ခုနှစ်မှ ၂၀၀၀ ပြည့်နှစ်အထိ မစ္စစ္စပီပြည်နယ်၏ အုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။
Ref : Us Obituary & SuperTalk Mississippi Media


