၁၃.၅.၂၀၂၆
Written by Linn Eain
မေ ၁၃ ရက် နေ့လယ် ၁၂ နာရီခွဲတွင် တိုင်းထွာချက်အရ ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ပိုမိုအားကောင်းသော လေဖိအားနည်းရပ်ဝန်းအဖြစ်သို့ ရောက်ရှိလာကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ မေ ၁၃ ရက် နေ့လယ် ၂ နာရီထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါ လေဖိအားနည်းရပ်ဝန်း (Low Pressure Area)သည် ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းနှင့် ယင်းနှင့် ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းတို့တွင် ဖြစ်ပေါ်နေခြင်းဖြစ်ပြီး ၃၆ နာရီအတွင်း ပိုမိုအားကောင်းလာနိုင်သည်ဟု မိုး/ဇလက ခန့်မှန်းထားရာ ယခုအခါ ပိုမိုအားကောင်းလာကာ အားကောင်းသောလေဖိအားနည်းရပ်ဝန်း (Well Marked Low Pressure Area)အဖြစ်သို့ ရောက်ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့ပြင် ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပြီး ကပ္ပလီပင်လယ်ပြင်နှင့် ကျန် ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပြီး ရန်ကုန်မှ တနင်္သာရီကမ်းရိုးတန်းတစ်လျှောက် ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက်မှာ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာမည်ကာ လှိုင်းအခြေအနေမှာ အသင့်အတင့်၊ လှိုင်းအမြင့်မှာ ၅ ပေမှ ၇ ပေခန့်ရှိမည်ဖြစ်ကြောင်း မိုး/ဇလက ထုတ်ပြန်ထားသည်။
ရန်ကုန်မှ ရခိုင်ကမ်းရိုးတန်းတစ်လျှောက် ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက်မှာ ယနေ့မွန်းတည့်မှ နောက် (၂၄) နာရီအတွင်း နေရာစိပ်စိပ် မိုးထစ်ချုန်းရွာမည်ဖြစ်ပြီး လှိုင်းအခြေအနေမှာ အသင့်အတင့်၊ လှိုင်းအမြင့်မှာ ၅ ပေမှ ၇ ပေခန့်ရှိမည်ဖြစ်ကြောင်း သိရသည်။
မေ ၁၃ ရက် ညနေအထိ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့တွင် နေရာကွက်ကျား၊ နေပြည်တော်၊ ကချင်ပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် နေရာကျဲကျဲ၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်းနှင့် ရွာရန်ရာနှုန်းပြည့်ဖြစ်ကြောင်း မိုး/ဇလ မိုးလေဝသခန့်မှန်းချက် ထုတ်ပြန်ထားသည်။
