၁၃.၅.၂၀၂၆
Written by Nay Yaung Lin
ရန်ကုန်တိုင်းဒေသကြီးတွင် နိုင်ငံ၏ ပျမ်းမျှမွေးဖွားနှုန်းထက် ပိုမိုနိမ့်ကျနေပြီး အိမ်ထောင်မပြုသည့် လူဦးရေများပြားလာသည်ဟု မေ ၁၂ ရက်က ထုတ်ပြန်လိုက်သည့် ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း၊ ရန်ကုန်တိုင်းဒေသကြီး အစီရင်ခံစာတွင် ဖော်ပြပါရှိသည့် အချက်အလက်များအရ သိရသည်။
၂၀၂၄ ခုနှစ် အချက်အလက်များအရ ရန်ကုန်တိုင်းဒေသကြီးရှိ အမျိုးသမီးတစ်ဦး၏ စုစုပေါင်းကလေးမွေးနှုန်းမှာ Indirect Method အရ ၁ ဒသမ ၅ ဦးဖြစ်ကြောင်း တွေ့ရှိရပြီး နိုင်ငံတကာစံချိန်စံညွှန်းအရ လူဦးရေလျော့ကျမှုမရှိဘဲ လက်ရှိအတိုင်း ဆက်လက်ထိန်းထားနိုင်ရန် လိုအပ်သောမွေးဖွားနှုန်း (Replacement Level) မှာ ၂ ဒသမ ၁ ဦးဖြစ်ရာ ရန်ကုန်တိုင်းဒေသကြီးသည် အဆိုပါစံနှုန်းအောက်သို့ ရောက်ရှိနေကြောင်း သိရသည်။
ထို့ကြောင့် ပြည်ထောင်စုအဆင့်၏ စုစုပေါင်းကလေး မွေးနှုန်းသည် ၁ ဒသမ ၈ ဦးရှိသည့်အတွက် ရန်ကုန်တိုင်းဒေသကြီးသည် နိုင်ငံ၏ ပျမ်းမျှမွေးဖွားနှုန်းထက် ပိုမိုနိမ့်ကျကြောင်းတွေ့ရှိရပြီး လွန်ခဲ့သည့် ဆယ်စုနှစ်အတွင်း မွေးဖွားနှုန်းကျဆင်းမှု စဉ်ဆက်မပြတ်ကျဆင်းလာခြင်း၏ ရလဒ်ဖြစ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
ထို့ပြင် မွေးနှုန်းများကို မြို့ပြနှင့် ကျေးလက် ခွဲခြားလေ့လာပါက ရန်ကုန်တိုင်းဒေသကြီး၏ မြို့ပြရှိ အမျိုးသမီးများ၏မွေးနှုန်းမှာ ၁ ဒသမ ၄ ဦးသာရှိသဖြင့် လူဦးရေဆက်လက်ထိန်းထားနိုင်မည့် လိုအပ်သော မွေးဖွားနှုန်းအောက်သို့ ရောက်ရှိနေပြီဖြစ်ကြောင်းလည်း ဖော်ပြထားသည်။
ရန်ကုန်တိုင်းဒေသကြီး၏ ကျေးလက်ရှိ အမျိုးသမီးများ၏ မွေးနှုန်းမှာ ၁ ဒသမ ၉ ဦး ဖြစ်သဖြင့် မြို့ပြ/ကျေးလက် မွေးနှုန်းကွာဟပြီး မိသားစုစီမံကိန်း၊ ပညာရေးအခွင့်အလမ်းနှင့် အလုပ်အကိုင်အခွင့်အလမ်းရရှိမှုတို့တွင် ကွာဟချက်များရှိနေဆဲဖြစ်ကြောင်း တွေ့ရှိရကြောင်း သိရသည်။
သို့သော် ရန်ကုန်တိုင်းဒေသကြီးတွင် အိမ်ထောင်ကျဖူးသူ အမျိုးသမီးများ၏ စုစုပေါင်းကလေးမွေးနှုန်းသည်၂ ဒသမ ၄ ဦးရှိသော်လည်း ရန်ကုန်တိုင်းဒေသကြီး၏ စုစုပေါင်းကလေးမွေးနှုန်း ၁ ဒသမ ၅ ဦးသာရှိနေခြင်းမှာ အိမ်ထောင်မပြုသည့် လူဦးရေများပြားလာခြင်းကြောင့်ဖြစ်သည်ဟု အဆိုပါအစီရင်ခံစာအရ သိရသည်။
ရန်ကုန်တိုင်းဒေသကြီတွင် စုစုပေါင်းလူဦးရေ ၇ ဒသမ ၃၇ သန်းရှိပြီး အမျိုးသမီး ၃ ဒသမ ၉၇ သန်းနှင့် အမျိုးသား ၃ ဒသမ ၄၀ သန်း ပါဝင်ပြီး တိုင်းဒေသကြီးအဆင့်တွင်သာမက ခရိုင် ၁၄ ခရိုင်လုံးတွင် အမျိုးသမီးဦးရေ ပိုမိုများပြားသည်ကို တွေ့ရှိရကြောင်း ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း၊ ရန်ကုန်တိုင်းဒေသကြီး အစီရင်ခံစာတွင် ဖော်ပြထားသည်။
ရန်ကုန်တိုင်းဒေသကြီးရှိ အသက် ၁၀ နှစ်နှင့်အထက် လူဦးရေ၏ အိမ်ထောင်ရေးအခြေအနေကို ကျား/မ အလိုက်ဆန်းစစ်ရာတွင် အမျိုးသား ၄၀ ဒသမ ၈ ရာခိုင်နှုန်းသည် လူပျိုများဖြစ်ပြီး ၅၃ ရာခိုင်နှုန်းသည် အိမ်ထောင်ရှိသူများဖြစ်ကြောင်း၊ အမျိုးသား ၂ ဒသမ ၅ ရာခိုင်နှုန်းသာ မုဆိုးဖိုများဖြစ်ကြပြီး သာသနာ့ဘောင်ဝင်ရောက်သူ ၂ ဒသမ ၃ ရာခိုင်နှုန်းရှိသဖြင့် သာသနာ့ဘောင်ဝင်ရောက်မှုများပြားသည့် ယဉ်ကျေးမှုပုံစံထွန်းကားကြောင်းကို ပြဆိုနေကြောင်း အစီရင်ခံစာအရ သိရသည်။
ဆက်လက်ပြီး အမျိုးသမီးများ၏ ၄၀ ဒသမ ၅ ရာခိုင်နှုန်းသည် အပျိုများဖြစ်ပြီး ၄၇ ဒသမ ၂ ရာခိုင်နှုန်းသည် အိမ်ထောင်ရှိသူများဖြစ်ကြောင်း၊ အမျိုးသမီး ၉ ဒသမ ၈ ရာခိုင်နှုန်းသည် မုဆိုးမများဖြစ်၍ အမျိုးသား မုဆိုးဖိုရာခိုင်နှုန်းထက် သိသာစွာ မြင့်မားကြောင်း ယင်းကဲ့သို့ ကွာဟချက်ကြီးမားရခြင်းမှာ အမျိုးသမီးများသည် အမျိုးသားများထက် မျှော်မှန်းသက်တမ်းပိုမို မြင့်မားခြင်းနှင့် အမျိုးသားများသည် ဇနီးသည် ကွယ်လွန်ပြီး နောက်အိမ်ထောင်ပြုမှုနှုန်း ပိုမိုမြင့်မားခြင်းတို့ကြောင့် ဖြစ်နိုင်ကြောင်း အဆိုပါအစီရင်ခံစာအရ သိရသည်။



