
၁၃.၅.၂၀၂၆
Written by KL
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပင်းတယမြို့၊ ဈေးတန်းရပ်ကွက်၊ ခရေလမ်းရှိ အုတ်တံတိုင်းပြိုကျရာမှ စျေးရောင်းချသူအမျိုးသမီးနှစ်ဦးပေါ်ပိမိ၍ တစ်ဦးသေဆုံးမှု ယမန်နေ့ မေလ ၁၂ ရက် နံနက် ၇ နာရီကျော်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။
မိုးရွာသွန်းသဖြင့် ၆ ပေခန့်မြင့်သော အုတ်တံတိုင်းမှာ ပြိုကျခဲ့ခြင်းဖြစ်ပြီး စျေးရောင်းသူ အမျိုးသမီးတစ်ဦးမှာ ဦးခေါင်းဘယ်ဘက်ခြမ်းနှင့် ငယ်ထိပ်ချိုင့်ဝင်ဒဏ်ရာရရှိကာ သေဆုံးခဲ့ပြီး ကျန်အမျိုးသမီးတစ်ဦးမှာ မေးစေ့၊ နားနှင့် ညာဘက်ပေါင်တို့တွင် ပေါက်ပြဲဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
ဒဏ်ရာရသူ အမျိုးသမီးကြီးကို ပင်းတယပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကာ ဆေးကုသမှုခံယူနေရပြီး လူနာမှာ အသက်အန္တရာယ်စိုးရိမ်ဖွယ်ရာမရှိကြောင်း သိရသည်။
“အုတ်တံတိုင်းပိမိတဲ့ အမျိုးသမီးနှစ်ယောက်ကို ဆေးရုံပို့ပြီး ဆေးကုသခဲ့ပေမယ့် ဒဏ်ရာပြင်းထန်တဲ့အမျိုးသမီးက ဆုံးသွားတယ်။ တစ်ဦးကတော့ ဆေးကုသနေရတုန်းပါပဲ”ဟု ဒေသခံတစ်ဦးက ပြောသည်။
အုတ်တံတိုင်းပြိုကျမှုကြောင့် သေဆုံးသူနှင့် ဒဏ်ရာရသူတို့ကို ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့က ထောက်ပံ့ငွေများပေးအပ်ခဲ့ကြောင်း သိရသည်။
အုတ်တံတိုင်းပြိုကျမှုကြောင့် လူသေဆုံးမှုနှင့်ပတ်သက်၍ ပင်းတယမြို့မရဲစခန်းက သေမှုသေခင်းအမှတ်စဥ် ရေးဖွင့်ကာစစ်ဆေးလျက်ရှိကြောင်း သိရသည်။
