၁၃.၅.၂၀၂၆.
Translated by Htwe Ko Tun
ရုရှားနိုင်ငံသမ္မတ ဗလာဒီမာ ပူတင်နဲ့ အရှေ့တောင်အာရှနိုင်ငံများအသင်း(အာဆီယံ) ရဲ့ အဖွဲ့ဝင်နိုင်ငံတွေမှ ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အာဆီယံအဖွဲ့ကြီးနဲ့အတူ ဆွေးနွေးဖက်နိုင်ငံတွေအဖြစ် ဆက်ဆံတည်ရှိ လာမှု နှစ် ၃၀ ပြည့် အထိမ်းအမှတ်အဖြစ် လာမည့် ဇွန်လမှာ ရုရှားနိုင်ငံ၊ ကာဇန်မြို့မှာ ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ တွေ့ဆုံကြဖို့ သဘောတူညီခဲ့ကြတယ်လို့ သတင်းရင်းမြစ်တစ်ခုကနေ သိရပါတယ်။
ဖိလစ်ပိုင်နိုင်ငံ၊ စီဘူးမြို့မှာ ကျင်းပခဲ့တဲ့ ၄၈ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးမှာ အာဆီယံနိုင်ငံတွေရဲ့ ခေါင်းဆောင်တွေက ဆွေးနွေးဖက်ဆက်ဆံရေး အထိမ်းအမှတ်ထိပ်သီးအစည်းအဝေး အတွက် ပူတင်ရဲ့ တောင်းဆိုချက်ကို သဘောတူညီခဲ့ကြပြီး ဇွန်လလယ်ခန့်မှာ ကျင်းပသွားကြမယ်လို့လည်း သတင်းရင်းမြစ်က ပြောကြားခဲ့ပါတယ်။
အဆိုပါဆုံးဖြတ်ချက်ဟာ လက်ရှိပထဝီနိုင်ငံရေးအခင်းအကျင်းနဲ့ အမေရိကန်-အီရန်စစ်ပွဲကြောင့် ဖြစ်ပေါ်လာသော စီးပွားရေးရိုက်ခတ်မှုများ၏ သက်ရောက်မှုများကို အုပ်စုက အသိအမှတ်ပြုကြောင်း ညွှန်ပြနေပါတယ်။
စီဘူး အာဆီယံထိပ်သီးအစည်းအဝေးမှာ ဆွေးနွေးခဲ့တဲ့ အဓိကကိစ္စရပ်တွေထဲမှ တစ်ခုက အရှေ့အလယ်ပိုင်းပဋိပက္ခမှ အာဆီယံအဖွဲ့ဝင်တွေအကြား ပေါ်ပေါက်လာတဲ့ အနှောင့်အယှက်တွေကို ဖြေရှင်းဖို့ စုပေါင်းဆောင်ရွက်မှုနဲ့ ပိုမိုအားကောင်းတဲ့ ပူးပေါင်းဆောင်ရွက်မှု လိုအပ်မယ့် စွမ်းအင်လုံခြုံရေးဖြစ်ပါတယ်။
အာဆီယံရဲ့ အောက်မေ့ဖွယ် အမှတ်တရထိပ်သီးအစည်းအဝေးတွေကို အမေရိကန်၊ တရုတ်၊ ဂျပန်နဲ့ တောင်ကိုရီးယားတို့လို အဓိကဆွေးနွေးဖက်နိုင်ငံတွေနဲ့ သူတို့ရဲ့ သက်ဆိုင်ရာမြို့တော်တွေမှာ ကျင်းပခဲ့ဖူးပါတယ်။ ဒါပေမယ့် ဒီလိုထိပ်သီးအစည်းအဝေးတွေအတွက် အစောပိုင်း အများသဘောတူညီချက်နဲ့ ကျယ်ပြန့်တဲ့ကြိုတင်စီစဉ်မှုတွေ လိုအပ်ပါတယ်။
ပူတင်ဟာ ၂၀၀၈ ခုနှစ်က စင်ကာပူမှာကျင်းပတဲ့ အရှေ့အာရှထိပ်သီးအစည်းအဝေးကို တက်ရောက်ခဲ့ ပြီး ရုရှားနိုင်ငံကို အာဆီယံရဲ့ မဟာဗျူဟာမြောက်ဆွေးနွေးဖက်အဖြစ် မြှင့်တင်ခဲ့ပါတယ်။
အမေရိကန်၊ တရုတ်၊ အိန္ဒိယ၊ သြစတြေးလျ၊ ဂျပန်၊ တောင်ကိုရီးယားနဲ့ နယူးဇီလန်တို့လို အာဆီယံ မိတ်ဖက်နိုင်ငံတွေလိုပဲ ရုရှားအနေနဲ့ အာဆီယံရဲ့ ပြည့်စုံတဲ့ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးသို့ ဆက်ဆံရေးကို ပိုမိုမြှင့်တင်လိုတယ်ဆိုတာ ရုရှားအစိုးရက အာဆီယံကို အသိပေးခဲ့ပြီးဖြစ်ပါတယ်။
ယမန်နှစ်က ရုရှားနဲ့ အာဆီယံအကြား အပြန်အလှန်ကုန်သွယ်မှုမှာ အမေရိကန်ဒေါ်လာ ၁၈ ဒသမ ၁ ဘီလျံ ထိ ရှိခဲ့ပါတယ်။ ရုရှားဟာ ဒေသတွင်းသို့ အကြီးဆုံးလက်နက်တင်ပို့သူတွေထဲမှ တစ်နိုင်ငံအဖြစ် ရှိနေဆဲဖြစ်ပြီး သတ္တုတွေ၊ ရေနံ၊ ဓာတ်မြေဩဇာနဲ့ သံမဏိထုတ်ကုန်တွေကိုလည်း အာဆီယံကို တင်ပို့လျက်ရှိပါတယ်။
ပုံစာ။ ရုရှားသမ္မတပူတင်နှင့် အာဆီယံခေါင်းဆောင်တစ်ဦးဖြစ်သော မြန်မာသမ္မတ ဦးမင်းအောင်လှိုင်တို့ တွေ့ဆုံစဥ်ပုံရိပ်။
Ref-Thai PBS
