သတိုး
၁၃. ၁၁. ၂၀၂၆
မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပွားနေသည့် အကျပ်အတည်းကို ဖြေရှင်းရန် ကြိုးပမ်းရာ၌ မလေးရှားနိုင်ငံအနေဖြင့် မြန်မာအစိုးရခေါင်းဆောင်ပိုင်းနှင့် တိုက်ရိုက်ထိတွေ့ဆက်ဆံခြင်းသည် အာဆီယံ၏ ဘုံသဘောတူညီချက် ၅ ရပ် (5PC) ကို အားနည်းစေခြင်းမဟုတ်ဘဲ ဖြည့်စွက်အားဖြည့်ပေးခြင်းသာဖြစ်ကြောင်း မလေးရှားနိုင်ငံက ခုခံပြောဆိုလိုက်သည်ဟု The Sun သတင်းဌာနက ဖော်ပြသည်။
မလေးရှားဝန်ကြီးချုပ် ဒါတွတ်ဆရီ အန်ဝါ အီဘရာဟင်က ၎င်း၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ရေးသားဖော်ပြရာ၌ မလေးရှား၏ ချဉ်းကပ်မှုသည် ပဋိပက္ခအတွက် ပိုမိုထိရောက်သော အဖြေတစ်ခုရရှိစေရန် သက်ဆိုင်ရာအဖွဲ့အစည်းအားလုံးနှင့် တိုက်ရိုက်ထိတွေ့ဆက်ဆံခြင်းနှင့် စဉ်ဆက်မပြတ် ဆွေးနွေးခြင်းတို့ ပါဝင်ကြောင်း ပြောကြားခဲ့သည်။
ဘန်ကောက်နှင့် ပေကျင်းမြို့တို့တွင် မြန်မာခေါင်းဆောင်ပိုင်းနှင့် တွေ့ဆုံခဲ့မှုများအပြင် ပြီးခဲ့သည့် အောက်တိုဘာလအတွင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် မလေးရှားနိုင်ငံသို့ လာရောက်ခဲ့သည့် ခရီးစဉ်တို့သည် အဆိုပါ သံတမန်ရေးရာ ကြိုးပမ်းမှုများ၏ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။
“ဒီကြိုးပမ်းမှုတွေဟာ အာဆီယံမူဘောင်နဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကို ဘယ်လိုနည်းနဲ့မှ ဘေးဖယ်ထားတာ မဟုတ်ပါဘူး။ အဲဒီအစား ကျွန်တော်တို့ရဲ့ ရပ်တည်ချက်နဲ့ မျှော်မှန်းချက်တွေကို တိုက်ရိုက်ပြောကြားနိုင်မယ့် လမ်းကြောင်းတစ်ခု ဖန်တီးပေးသလို မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသားတွေရဲ့ သက်သာချောင်ချိရေး အပါအဝင် နှစ်နိုင်ငံဆိုင်ရာ ကိစ္စရပ်တွေကိုပါ ဖြေရှင်းနိုင်စေပါတယ်” ဟု အန်ဝါက ပြောကြားသည်။
ထို့ပြင် မြန်မာ့အရေး ဖြစ်ပေါ်တိုးတက်မှုများနှင့် သက်ဆိုင်ရာအဖွဲ့အစည်း အသီးသီးနှင့် သံတမန်ရေးအရ ဆက်လက်ထိတွေ့ဆက်ဆံရန် လိုအပ်ချက်များ ပါဝင်သည့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယို (Marco Rubio) နှင့် ဆွေးနွေးခဲ့သည့် အသေးစိတ်အချက်အလက်များကိုလည်း ပြန်လည်မျှဝေခဲ့ကြောင်း အန်ဝါက ပြောသည်။
အဆိုပါ ဆွေးနွေးမှုများကို ၄၉ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး၏ သီးသန့်အစည်းအဝေး (Retreat session) အတွင်း ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
ယင်းဆွေးနွေးပွဲများတွင် နယ်စပ်ဖြတ်ကျော် အွန်လိုင်းလိမ်လည်မှုဂိုဏ်းများ၏ ခြိမ်းခြောက်မှုနှင့် ဉာဏ်ရည်တုနည်းပညာ (AI) ကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်နိုင်မည့် အလားအလာများကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ကြောင်း ၎င်းက ဆိုသည်။
စွမ်းအင်ကဏ္ဍနှင့် ပတ်သက်၍ ဒေသတွင်း စွမ်းအင်ဖူလုံရေးကို မြှင့်တင်ရင်း အထူးသဖြင့် ဒစ်ဂျစ်တယ်စီးပွားရေးနှင့် ဒေတာစင်တာကဏ္ဍများမှ မြင့်တက်လာနေသည့် စွမ်းအင်လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန် အာဆီယံဓာတ်အားလိုင်းကွန်ရက် (ASEAN Power Grid) စီမံကိန်းကို အရှိန်အဟုန်မြှင့် အကောင်အထည်ဖော်ရန် အန်ဝါက တိုက်တွန်းပြောကြားခဲ့သည်။
Ref: The Sun
