သက်တံ့
၁၆. ၁၁. ၂၀၂၆
ဂျာမနီနိုင်ငံ မြူးနစ်မြို့မှ ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ ပျံသန်းလာသည့် ထိုင်းလေကြောင်းလိုင်း (Thai Airways) ပိုင် Airbus A350-900 လေယာဉ်သည် စက်ချို့ယွင်းမှုတစ်ခု ဖြစ်ပွားခဲ့သဖြင့် နိုဝင်ဘာလ ၁၄ ရက်၊ စနေနေ့ညပိုင်းက အိန္ဒိယနိုင်ငံ နယူးဒေလီမြို့သို့ လမ်းကြောင်းလွှဲကာ အရေးပေါ်ဆင်းသက်ခဲ့ရပြီး ခရီးသည်များမှာ အိန္ဒိယမြို့တော်ရှိ ဟိုတယ်များတွင် သီတင်းပတ်ကုန်ရက်ကို ကုန်ဆုံးခဲ့ရသော်လည်း လေကြောင်းလိုင်းအနေဖြင့် ယနေ့ နိုဝင်ဘာလ ၁၆ ရက်နေ့တွင် အထူးလေယာဉ်ခရီးစဉ်ဖြင့် ဘန်ကောက်မြို့သို့ ပြန်လည်ပို့ဆောင်ပေးမည်ဖြစ်သည်။
လေယာဉ်အမှတ် TG925 သည် စနေနေ့ ဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီ ၃၅ မိနစ်တွင် မြူးနစ်မြို့မှ ထွက်ခွာလာခြင်းဖြစ်ပြီး နိုဝင်ဘာလ ၁၅ ရက်၊ တနင်္ဂနွေနေ့ ထိုင်းစံတော်ချိန် နံနက် ၆ နာရီ ၁၀ မိနစ်တွင် သုဝဏ္ဏဘူမိ အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဆိုက်ရောက်ရန် စီစဉ်ထားခြင်းဖြစ်သည်။ သို့သော် ပျံသန်းနေစဉ်အတွင်း လေယာဉ်အမှုထမ်းများက စက်ချို့ယွင်းမှုတစ်ခုကို တွေ့ရှိခဲ့သဖြင့် အင်ဒီရာဂန္ဒီ အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ လမ်းကြောင်းလွှဲ ဆင်းသက်ခဲ့ရခြင်းဖြစ်သည်။
လေယာဉ်ဆင်းသက်ပြီးနောက် ခရီးသည်များမှာ လေယာဉ်ပေါ်တွင် ၂ နာရီနီးပါးကြာ စောင့်ဆိုင်းခဲ့ရပြီးမှ လေကြောင်းလိုင်းဝန်ထမ်းများက လေယာဉ်ပေါ်မှ ဆင်းခွင့်ပြုကာ ကြိုတင်စီစဉ်ထားသည့် ဟိုတယ်များသို့ ပို့ဆောင်ပေးခဲ့သည်။
ခရီးသည်များနှင့် လေယာဉ်အမှုထမ်းများ၏ ဘေးကင်းလုံခြုံရေးကို ဦးစားပေးသည့်အနေဖြင့် လေယာဉ်မှူးက လမ်းကြောင်းလွှဲဆင်းသက်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း၊ လေယာဉ်မှာ ဘေးကင်းစွာ ဆင်းသက်နိုင်ခဲ့ပြီး ခရီးသည် တစ်ဦးတစ်ယောက်မျှ ထိခိုက်ဒဏ်ရာရရှိခြင်း မရှိကြောင်း ထိုင်းလေကြောင်းလိုင်းက ထုတ်ပြန်သည်။ ထို့အပြင် လုပ်ငန်းစဉ်တစ်လျှောက်လုံး လေကြောင်းဘေးကင်းလုံခြုံရေး စည်းမျဉ်းများအတိုင်း လိုက်နာဆောင်ရွက်ခဲ့ကြောင်းနှင့် ခရီးစဉ်နှောင့်နှေးမှုအတွက် ခရီးသည်များကို တောင်းပန်ကြောင်းလည်း လေကြောင်းလိုင်းက ဖြည့်စွက်ပြောကြားသည်။
အဆိုပါ စက်ချို့ယွင်းမှုမှာ လေယာဉ်အင်ဂျင်တစ်လုံးနှင့် သက်ဆိုင်နေပြီး အဆိုပါလေယာဉ် ပြန်လည်ပျံသန်းနိုင်ရန်အတွက် ထိုင်းနိုင်ငံမှ အပိုပစ္စည်းများ ပေးပို့ခဲ့ရကြောင်း ထိုင်းသတင်းမီဒီယာများက ဖော်ပြသည်။
သောင်တင်နေသည့် ခရီးသည်များအတွက် အထူးလေယာဉ်အမှတ် TG8479 ဖြင့် စီစဉ်ပေးထားပြီး အဆိုပါလေယာဉ်သည် ယနေ့ ဒေသစံတော်ချိန် နံနက် ၁၁ နာရီ ၃၀ မိနစ်တွင် နယူးဒေလီမှ ထွက်ခွာကာ ဘန်ကောက်မြို့သို့ ဒေသစံတော်ချိန် ညနေ ၄ နာရီ ၅၅ မိနစ်တွင် ဆိုက်ရောက်ရန် အချိန်ဇယား ရေးဆွဲထားသည်။
ပြီးခဲ့သည့် နိုဝင်ဘာလ ၄ ရက်နေ့ကလည်း ထိုင်းလေကြောင်းလိုင်းပိုင် Boeing 787-9 လေယာဉ် (ခရီးစဉ်အမှတ် TG663) သည် ရှန်ဟိုင်းမြို့မှ ပျံတက်ပြီး မကြာမီ လေယာဉ်မှူးခန်း ပြတင်းပေါက်မှန် အက်ကွဲနေသည်ကို တွေ့ရှိခဲ့သဖြင့် ရှန်ဟိုင်းသို့ ပြန်လှည့်ဆင်းသက်ခဲ့ရသည့် ဖြစ်စဉ်အပြီး ၁၀ ရက်အကြာတွင် ယခုဖြစ်စဉ် ထပ်မံဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
Ref: The Thaiger
