


MT News
၁၂. ၅. ၂၀၂၆
တတိယအကြိမ် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် ပြည်ထောင်စုလွှတ်တော်တို့၏ ဒုတိယပုံမှန်အစည်းအဝေးများကို ဇွန်လ ၂ ရက်မှ စတင် ကျင်းပမည်ဖြစ်ကြောင်း သက်ဆိုင်ရာ လွှတ်တော်ရုံးအသီးသီးက ယနေ့ည ကြေညာသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၂၆၊ ၂၀၁၂ ခုနှစ်၊ ပြည်သူ့လွှတ်တော်ဆိုင်ရာဥပဒေ ပုဒ်မ ၃၅ နှင့် ၂၀၁၃ ခုနှစ်၊ ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေများ၏ နည်းဥပဒေ ၃၊ နည်းဥပဒေခွဲ (ခ) တို့ပါ ပြဋ္ဌာန်းချက်များနှင့်အညီ တတိယအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးကို နေပြည်တော်၌ ၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၃ ရက် (၂၀၂၆ ခုနှစ်၊ ဇွန် လ ၂ ရက်) အင်္ဂါနေ့၊ နံနက် ၁၀ နာရီတွင် စတင်ကျင်းပရန် ခေါ်ယူကြောင်း ကြေညာခဲ့သလို ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၅၅ နှင့် ၂၀၁၂ ခုနှစ်၊ အမျိုးသားလွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၃၅ နှင့် ၂၀၁၅ ခုနှစ်၊ အမျိုးသားလွှတ်တော်ဆိုင်ရာ နည်းဥပဒေများ၏ နည်းဥပဒေ ၃၊ နည်းဥပဒေခွဲ(ခ) တို့အရ တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးကို နေပြည်တော်၌ ၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၃ ရက် (၂၀၂၆ ခုနှစ်၊ ဇွန် လ ၂ ရက်) အင်္ဂါနေ့၊ နံနက် ၁ဝ နာရီ အချိန်တွင် စတင် ကျင်းပရန် ခေါ်ယူကြောင်း ကြေညာသည်။
ထို့ပြင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၇၉၊ ပြည်ထောင်စုလွှတ်တော်ဆိုင်ရာဥပဒေ ပုဒ်မ ၁၃ နှင့် ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၈ နည်းဥပဒေခွဲ(ခ) တို့အရ တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးကို နေပြည်တော်၌ ၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၅ ရက် (၂၀၂၆ ခုနှစ်၊ ဇွန်လ ၄ ရက်) ကြာသပတေးနေ့၊ ၁၀၀၀ နာရီ အချိန်တွင် စတင်ကျင်းပရန် ခေါ်ယူကြောင်း ကြေညာထားသည်။
