သက်တံ့
၁၃.၅. ၂၀၂၆
မြန်မာ့လက်ရွေးစင် ခြင်းလုံးကစားသမားဟောင်း တစ်ဦးဖြစ်သူ ကျော်ဇင်လတ် (ခ) မင်းသားကြီးသည် ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် မြန်မာလုပ်သားများအား ပို့ဆောင်ပေးသည့် လူကုန်ကူးမှုကွင်းဆက်တွင် ဦးဆောင်သူအဖြစ် ပါဝင်ပတ်သက်နေစဉ် ထိုင်းအာဏာပိုင်များ၏ လက်ရဖမ်းဆီးခြင်းကို ခံခဲ့ရသည်။
ယမန်နေ့ မေလ ၁၂ ရက်နေ့တွင် အယုဒ္ဓယခရိုင် အဝေးပြေးရဲတပ်ဖွဲ့သည် တရားမဝင် မြန်မာလုပ်သားများအား ဘန်ကောက်မြို့သို့ သယ်ဆောင်လာမည်ဖြစ်ကြောင်း သတင်းအရ စောင့်ဆိုင်းစစ်ဆေးနေစဉ် ဘန်ကောက်-တာချီလိတ် ဆက်သွယ်ထားသည့် ဖဟွန်ယိုးသင်း (Phahonyothin) အမှတ် (၁) လမ်းမကြီးပေါ်တွင် မသင်္ကာဖွယ် Mitsubishi Xpander အမျိုးအစား ကားတစ်စီးကို စစ်ဆေးရာမှ ဖမ်းဆီးရမိခြင်းဖြစ်သည်။




ရဲတပ်ဖွဲ့သည် အယုဒ္ဓယခရိုင်၊ ဝမ်နွိုင်မြို့နယ်၊ လမ်ဆိုင်ရပ်ကွက်အနီးတွင် အဆိုပါကားကို တားဆီးစစ်ဆေးခဲ့ရာ ကားမောင်းသူ ဖြိုးမင်းဇော် (၃၃ နှစ်) နှင့် မြန်မာ့ခြင်းလက်ရွေးစင်ဟောင်း ကျော်ဇင်လတ် (ခ) မင်းသားကြီး (၃၁ နှစ်) တို့ကို တွေ့ရှိခဲ့သည်။ ၎င်းတို့နှစ်ဦးစလုံးမှာ ထိုင်းနိုင်ငံတွင် နေထိုင်အလုပ်လုပ်ကိုင်ခွင့် အထောက်အထား ခိုင်လုံသူများ ဖြစ်ကြသော်လည်း ကားအတွင်း၌ မည်သည့်အထောက်အထားမှ မရှိသည့် တရားမဝင် မြန်မာလုပ်သား ၁၁ ဦး (အမျိုးသား ၉ ဦး၊ အမျိုးသမီး ၂ ဦး) ကို ကျပ်ညပ်စွာ တင်ဆောင်လာသည်ကို စစ်ဆေးတွေ့ရှိခဲ့သည်။
ကားမောင်းသူ ဖြိုးမင်းဇော်၏ ထွက်ဆိုချက်အရ ၎င်းကို ကျော်ဇင်လတ်က စာရာဘူရိခရိုင်မှ အလုပ်သမားများအား စမွတ်ပရာကန်သို့ ပို့ဆောင်ပေးရန် တစ်ခေါက်လျှင် ဘတ် ၁,၅၀၀ ဖြင့် ငှားရမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ကျော်ဇင်လတ်သည် မြန်မာနိုင်ငံဘက်မှ ပွဲစားများနှင့် ချိတ်ဆက်ပေးခြင်းနှင့် လမ်းကြောင်းအခြေအနေများကို Messenger မှတစ်ဆင့် စောင့်ကြည့်ညှိနှိုင်းပေးခြင်းတို့ကို လုပ်ဆောင်ခဲ့ပြီး ယခုလုပ်ငန်းကို အကြိမ်ပေါင်းများစွာ လုပ်ကိုင်ခဲ့ဖူးကြောင်း ဝန်ခံထားသည်။
ဖမ်းဆီးခံရသည့် မြန်မာလုပ်သားများ၏ ထွက်ဆိုချက်အရ ၎င်းတို့သည် မြန်မာနိုင်ငံဘက်မှ မဲဆောက်မြို့သို့ လှေဖြင့်ဖြတ်ကျော်ကာ တောလမ်းမှတစ်ဆင့် ခိုးဝင်လာခဲ့ကြခြင်းဖြစ်ပြီး၊ ထိုင်းနိုင်ငံအတွင်းပိုင်းသို့ ရောက်ရှိရန် ပွဲစားခအဖြစ် တစ်ဦးလျှင် ဘတ် ၁၅,၀၀၀ ခန့် ပေးဆောင်ခဲ့ရကြောင်း သိရသည်။
ဖမ်းဆီးခံရသူ ကျော်ဇင်လတ်မှာ မြန်မာ့လက်ရွေးစင် ခြင်းလုံးကစားသမားဟောင်း တစ်ဦးဖြစ်သလို ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားများအကြား ကျင်းပသည့် ခြင်းပြိုင်ပွဲများတွင်လည်း ပါဝင်ကစားနေသူတစ်ဦး ဖြစ်သည်။ လတ်တလောတွင် အဆိုပါလုပ်သားများကို လူသားချင်းစာနာထောက်ထားမှုအရ အစားအသောက်များ ပံ့ပိုးပေးထားပြီး၊ ဖမ်းဆီးရမိသူအားလုံးကို ဥပဒေအရ အရေးယူနိုင်ရန် ဝမ်နွိုင်ရဲစခန်းသို့ ပို့ဆောင်ထားကြောင်း သိရသည်။
Ref : Khaosod Online
