၁၃.၅.၂၀၂၆
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စု၏ အီရန်စစ်ပွဲကုန်ကျစရိတ်က ယခုအချိန်အထိ အမေရိကန်ဒေါ်လာ ၂၉ ဘီလျံ အထိရှိလာခဲ့ပြီး ဧပြီလကုန်ပိုင်းတွင် ပေးအပ်ခဲ့သော ခန့်မှန်းချက်ထက် အမေရိကန်ဒေါ်လာ ၄ ဘီလျံ တိုးလာကြောင်း အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာန ပင်တဂွန်စစ်ဌာနချုပ်မှ အကြီးတန်း အရာရှိတစ်ဦးက မေလ ၁၂ ရက် က ပြောကြားခဲ့သည်။
ခြောက်လသာလိုတော့သည့် နှစ်လယ်အထွေထွေ ရွေးကောက်ပွဲတွင် သမ္မတဒေါ်နယ်ဒ် ထရမ့်ပ်၏ ရီပတ်ဘလီကန်အမတ်များအနေဖြင့် ၎င်းတို့၏ အောက်လွှတ်တော် အမတ်နေရာအများစုကို ဆက်လက်ထိန်းသိမ်းရန် ခက်ခဲသော တိုက်ပွဲနှင့် ရင်ဆိုင်ရဖွယ်ရှိနေသည်။ ဒီမိုကရက်များက စစ်ပွဲကို လူနေမှုစရိတ်ပြဿနာများနှင့် ချိတ်ဆက်ရန် ကြိုးစားနေသောကြောင့် လူထုစစ်တမ်းများတွင် ဒီမိုကရက်တို့ကိုထောက်ခံမှုက အမြင့်ဆုံးအဆင့်သို့ ရောက်ရှိနေသည်။
ဧပြီလ ၂၉ ရက်တွင် ပင်တဂွန်က ထိုအချိန်ထိ အီရန်စစ်ပွဲတွင် အမေရိကန်ဒေါ်လာ ၂၅ ဘီလျံ ကုန်ကျခဲ့ကြောင်း ပြောကြားခဲ့သည်။
ထိန်းသိမ်းကြီးကြပ်သူတာဝန်များကို ထမ်းဆောင်နေသော မာဂျစ် ဂျူးလ်စ် ဟတ်စ်က ဥပဒေပြု အမတ်များအား ကုန်ကျစရိတ်အသစ်တွင် စက်ပစ္စည်းများ ပြုပြင်ခြင်း၊ အစားထိုးခြင်းနှင့် စစ်ဆင်ရေးကုန်ကျစရိတ်များ ပါဝင်ကြောင်း မေလ ၁၂ ရက်တွင် ပြောကြားခဲ့သည်။
“ပူးတွဲဝန်ထမ်းအဖွဲ့နှင့် စစ်ဆေးကြီးကြပ်ဆေရးအဖွဲ့သည် ထိုခန့်မှန်းချက်ကို အဆက်မပြတ်ကြည့်ရှုနေကြသည်” ဟု ဟတ်စ်က ပြောကြားခဲ့သည်။ ၎င်းက ကာကွယ်ရေးဝန်ကြီး ပိသ်ဟက်ဆက်နှင့် ပူးတွဲစစ်ဦးစီးချုပ်များဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ဒန်ကိန်းတို့နှင့်အတူ စကားပြောဆိုခဲ့ခြင်းဖြစ်သည်။
သို့သော် ပင်တဂွန်သည် ဒေါ်လာ ၂၉ ဘီလျံ ကုန်ကျစရိတ် ကိန်းဂဏန်းကို မည်သို့ရရှိခဲ့သည်ကို ရှင်းရှင်းလင်းလင်းမသိရသေးပေ။ မတ်လတွင် ထရမ့်ပ်၏အစိုးရအဖွဲ့က စစ်ပွဲ၏ ပထမခြောက်ရက်တာ ကာလအတွင်း ကုန်ကျစရိတ်သည် အနည်းဆုံး ဒေါ်လာ ၁၁ ဒသမ ၃ ဘီလျံ ရှိသည်ဟုခန့်မှန်းကြောင်း သတင်းရင်းမြစ်တစ်ခုက Reuters သတင်းဌာနသို့ ပြောကြားခဲ့သည်။
Ref- Reuters
