နေမိုး
၁၃. ၅. ၂၀၂၆
တက္ကသိုလ်ကျောင်းသူသုံးဦးသေဆုံးခဲ့ရသော ယာဥ်တိုက်မှုတွင် ယာဥ်မောင်းက အရှိန်မထိန်းနိုင်ဘဲ တစ်ဖက်ယာဥ်ကြောအထိ ဝင်တိုက်မိခဲ့ခြင်းဖြစ်ပြီး တရားခံ ဖမ်းမိထားသလို ပုဒ်မသုံးခု ဖွင့်လှစ်အရေးယူထားသည်ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။
ဖြစ်စဉ်မှာ မေ ၁၀ ရက် ညနေ ၄ နာရီ ၅၅ မိနစ်တွင် မွန်ပြည်နယ်၊ သထုံမြို့နယ်၊ သထုံ-ဘားအံသွားကားလမ်း မိုင်တိုင်အမှတ် ၆ မိုင် ၃ ဖာလုံနှင့် ၄ ဖာလုံကြား၌ ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ သုဓမ္မဝတီနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ သထုံ-ဘားအံသွား ကားလမ်းအတိုင်း ဘားအံမြို့မှ သထုံမြို့ဘက်သို့ မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ကဒုံစီးရပ်ကွက်တွင် နေထိုင်သည့် နေလင်းစိုး(၃၀)နှစ် မောင်းနှင်လာသည့် MON-10/7N-XXXX HONDA FIT မော်တော်ယာဉ်သည် အခင်းဖြစ်နေရာအရောက်၌ အရှိန်မထိန်းနိုင်ဘဲ တစ်ဖက်ယာဉ်ကြောသို့ ရောက်ရှိကာ မျက်နှာချင်းဆိုင်ဘက်မှ သထုံမြို့နယ်၊ ဒူးရင်းဆိပ်ကျေးရွာနေ မဂျူလိုင်မိုး(၂၀)နှစ် မောင်းနှင်ပြီး တစ်ရွာတည်းနေသူများဖြစ်သည့် မနေခြည်ကျော်(၁၉)နှစ်နှင့် မအေးအေးအောင်(၁၉)နှစ်တို့ လိုက်ပါလာသော MON/31W-XXXX HONDA DREAM 125 ဆိုင်ကယ်အား ဝင်ရောက်တိုက်မိခဲ့သဖြင့် မဂျူလိုင်မိုး၊ မနေခြည်ကျော်နှင့် မအေးအေးအောင်တို့တွင် ထိခိုက်ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့သည်။






ထို့ကြောင့် နေလင်းစိုးအား သုဓမ္မဝတီနယ်မြေရဲစခန်းက ယာဉ်(ပ)၁/၂၀၂၆၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၃၃၇/၂၇၉ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။ ထိုပုဒ်မများတွင် လူသေမှု ပုဒ်မ ၃၀၄ (က) မှာ အမြင့်ဆုံး ထောင် တစ်သက်တစ်ကျွန်းနှင့် ဆယ်နှစ်အထိ ချမှတ်နိုင်သည့် ပြစ်ဒဏ်ဖြစ်ပြီး ကျန် မဆင်မခြင်မောင်းနှင်မှုနှင့် နာကျင်စေမှုမှာ အမြင့်ဆုံးထောင်ဒဏ် နှစ်နစ် ဖြစ်စေ ငွေဒဏ် ကျပ် ၁၀၀၀ ဖြစ်စေနှင့် ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်သည်ဟုသာ သတ်မှတ်ထားသည်။
အရှိန်လွန်မောင်းနှင်ကာ တစ်ဖက်ယာဥ်ကြောအထိ ဝင်တိုက်သည့် ယာဥ်မောင်း နေလင်းစိုးကြောင့် သေဆုံးရသူ သုံးဦးမှာ မော်လမြိုင်နည်းပညာတက္ကသိုလ် မြို့ပြအင်ဂျင်နီယာမေဂျာမှ ပထမနှစ်ကျောင်းသူ မအေးအေးအောင် (အသက် ၁၉ နှစ်)၊ မော်လမြိုင်တက္ကသိုလ်မှ ဇီဝဓာတုဗေဒမေဂျာပထမနှစ်ကျောင်းသူ မနေခြည်ကျော် (အသက် ၁၉ နှစ်) နှင့် ဓာတုဗေဒဒုတိယနှစ်ကျောင်းသူ မဂျူလိုင်မိုး (အသက် ၂၀ နှစ်) တို့ဖြစ်ပြီး ကားဖြင့် တိုက်ကြိတ်မိမှုကြောင့် နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးခဲ့ရခြင်း ဖြစ်သည်။

ကျောင်းသူသုံးဦးမှာ မွေးနေ့ကိတ်သွားရောက်ဝယ်ယူပြီးအပြန် ကားနှင့် တိုက်ကြိတ်မိ သေဆုံးခဲ့သည်ဟုလည်း သိရပြီး ယမန်နေ့ မေလ ၁၂ ရက် နေ့လယ် ၁၂ နာရီခွဲအချိန်တွင် ထောင်မှူးကျေးရွာအုပ်စု၊ လေးတိုင်ကျေးရွာ၊ ညောင်ဝိုင်းသုသာန်တွင် မီးသင်္ဂြိုဟ်ခဲ့ကာ အရိုးပြာသုံးအိုးအား တစ်နေရာတည်းတွင်ပင် အမှတ်တရ ဂူသွင်းခဲ့ကြသည်။
ကွယ်လွန်သူတို့၏ နောက်ဆုံးခရီးအား ရပ်နီးရပ်၀ေးမှ ဆွေမျိုးများ၊ သက်ဆိုင်ရာ တက္ကသိုလ်အသီးသီးမှ ဆရာ၊ ဆရာမများနှင့် မိတ်ဆွေသူငယ်ချင်းများက လိုက်ပါပို့ဆောင်ခဲ့ကြပြီး အမိန့်ပြန်ခြင်းများလည်း ပြုလုပ်ခဲ့ကြောင်းနှင့် မေ ၁၆ ရက်တွင် နာရေးအိမ်အသီးသီး၌ ရက်လည်ဆွမ်းသွတ်ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
ဆွေမျိုးတော်စပ်သူတစ်ဦး၏ ပြောကြားချက်အရ အဆိုပါ ယာဥ်တိုက်မှုတွင် တက္ကသိုလ်ကျောင်းသူသုံးဦးမှာ ဆိုင်ကယ်မောင်းနှင်နေချိန် တိုက်မိမှုမဟုတ်ဘဲ လမ်းဘေးရပ်ထားစဥ် ဝင်တိုက်မိခြင်းဖြစ်ကြောင်း၊ ဝင်တိုက်သည့် ယာဥ်မောင်းမှာ ကျောင်းသူတစ်ဦး၏ ငြင်းပယ်မှုကို ခံထားရကြောင်း၊ ထိုနေ့ကလည်း မူးယစ်သောက်စားထားမှုများရှိနေကြောင်း၊ လက်ရှိအချိန်တွင် သိန်း ၁၀၀ ဖြင့် ကျေအေးပေးရန် ညှိနှိုင်းထားကြောင်း ဆွေမျိုးတော်စပ်သူတစ်ဦးက MT News ၏ မေးမြန်းမှုအပေါ် ယင်းသိရှိရသည်ကို ပြန်လည်ဖြေကြားသည်။





