၁၃.၅.၂၀၂၆
Written by Linn Eain
၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း၏ ရန်ကုန်တိုင်းဒေသကြီး အစီရင်ခံစာမှာ တိုင်းဒေသကြီးအတွင်းရှိ လူမှုစီးပွားဘ၀အခြေအနေများ၊ လူမှုနေမှုအဆင့်အတန်းများကို တိုက်ရိုက်ပြသနေသည့် အချက်အလက်များဖြစ်သည့်အတွက် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် အကျိုးရှိရှိအသုံးပြုကြရန် တိုက်တွန်းကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က မေ ၁၂ ရက်၊ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမတွင်ပြုလုပ်ခဲ့သည့် အဆိုပါအစီရင်ခံစာထုတ်ပြန်ခြင်းအခမ်းအနားတွင် ပြောကြားခဲ့သည်။
အဆိုပါအခမ်းအနားသို့ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ လ၀က ဒုတိယဝန်ကြီး ဒေါက်တာခိုင်ခိုင်စိုး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ တာဝန်ရှိသူများ၊ လ၀က အရာရှိများနှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြောင်း သိရသည်။
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က ယခုထုတ်ပြန်သည့် သန်ခေါင်းစာရင်းအစီရင်ခံစာမှာ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လူမှုစီးပွားဘ၀အခြေအနေများ၊ လူမှုနေမှုအဆင့်အတန်းများကို တိုက်ရိုက်ဖော်ထုတ်ပြသနေသည့် အချက်အလက်များဖြစ်နေသည့်အတွက် စီမံကိန်းရေးဆွဲသူများ၊ အချက်အလက်အသုံးပြုသူများက လူမှုစီးပွားဘ၀ဖွံ့ဖြိုးတိုးတက်စေရေးအတွက် လုပ်ငန်းတွေမှာ အကျိုးရှိရှိအသုံးပြုကြရန် တိုက်တွန်းပါကြောင်း ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုက်က အဆိုပါအခမ်းအနားတွင် ပြောကြားခဲ့သည်။
ထို့ပြင် ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းကို ၂၀၂၄ ခုနှစ်အတွင်းက နိုင်ငံတကာအကူအညီမပါဘဲ မိမိတို့နိုင်ငံအတွင်းရှိ လူ့စွမ်းအားအရင်းအမြစ်များ၊ ဘဏ္ဍာငွေအရင်းအမြစ်များဖြင့် ပြည်သူ့အားလုံး၏ ပူးပေါင်းပါဝင်မှုအားကို ရယူကာ အောင်မြင်စွာကောက်ယူနိုင်ခဲ့ကြောင်း၊ ကောက်ယူရရှိသည့်အချက်အလက်များကို အခြေခံကာ ရှေ့ပြေးလူဦးရေစာရင်း၊ ပြည်ထောင်စုအစီရင်ခံစာ၊ အနှစ်ချုပ်အစီရင်ခံစာနှင့် စာရင်းဇယားတွေပါဝင်သည့် အစီရင်ခံစာများကို တစ်ဆင့်ပြီး တစ်ဆင့် ထုတ်ပြန်ခဲ့ပြီး ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က ပြောကြားခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီးအတွက် ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း အစီရင်ခံစာအပြည့်အစုံကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၏ Website ဖြစ်သော https://www.dop.gov.mm/mm တွင် ဝင်ရောက်ဖတ်ရှု Download ရယူနိုင်ကြောင်းနှင့် ထုတ်ပြန်ခဲ့ပြီးဖြစ်သော နေပြည်တော်အတွက် အစီရင်ခံစာကိုလည်း တင်ရှိထားကြောင်း သိရသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူနှင့် ဒုတိယဝန်ကြီး ဒေါက်တာခိုင်ခိုင်စိုးတို့က သန်းခေါင်စာရင်းကောက်ယူခြင်းမှ ရရှိနိုင်မည့် အချက်အလက်များအပေါ် အခြေခံ၍ မူဝါဒ၊ စီမံကိန်းများ ရေးဆွဲချမှတ်နိုင်ရေးနှင့် ရန်ကုန်တိုင်းဒေသကြီးအစီရင်ခံစာနှင့်ပတ်သက်၍ ဖော်ထုတ်ရရှိနိုင်မည့်အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက သန်းခေါင်စာရင်းဆိုင်ရာ တိုင်းဒေသကြီးအစီရင်ခံစာများကို လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် မြောက်ဥက္ကလာပမြို့နယ် ဦးစီးမှူးရုံး၌ နိုင်ငံတော်အစိုးရ၏ ရက် (၁၀၀) စီမံချက်ဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနက နိုင်ငံသားစိစစ်ရေးကတ် ပြုလုပ်ပေးနေမှုနှင့် Biometric ကောက်ယူကာ UID ကတ်ထုတ်ပေးခြင်းလုပ်ငန်း ဆောင်ရွက်ပေးနေမှုကို သွားရောက်ခဲ့ကြောင်း သိရသည်။






