၂၁. ၅. ၂၀၂၆
MT News Editorial
လက်နက်ကိုင်ပဋိပက္ခတစ်ခု၏ ရေရှည်အကျိုးဆက်သည် စစ်မြေပြင်တွင်သာမက နိုင်ငံတစ်ခု၏ အနာဂတ်အသိဉာဏ်အလွှာကိုပါ ဝါးမြိုဖျက်ဆီးပစ်လေ့ရှိသည်။ ၂၀၂၁ ခုနှစ်နောက်ပိုင်း မြန်မာ့နိုင်ငံရေး မုန်တိုင်းအောက်တွင် NLD, CRPH နှင့် NUG စသည့် အကြမ်းဖက်အဖွဲ့အစည်းများ၏ နိုင်ငံရေးအမြတ်ထုတ်မှု၊ ခြိမ်းခြောက် မှိုင်းတိုက်မှုများကြောင့် လူငယ်နှင့်ကျောင်းသား အမြောက်အမြား စာသင်ခန်းများနှင့် ဝေးကွာခဲ့ရသည်။ အချို့မှာ စိတ်ခံစားချက်နောက် လိုက်ပါရင်း တောတွင်းလက်နက်ကိုင်လမ်းစဉ်သို့ ရောက်ရှိကာ ကြီးလေးသော ပြစ်မှုကျူးလွန်မှုများစွာတွင် ပါဝင်ပတ်သက်ခဲ့ကြသည်။ သို့သော်လည်း တိုင်းပြည်ကို အမှောင်တွင်းမှ ဆွဲထုတ်ရန်နှင့် ပညာမဲ့လူ့ဗာလများ ထပ်မံတိုးပွားမလာစေရန်အတွက် လမ်းမှားရောက်ခဲ့သည့် ကလေးငယ်များကို အသက်အရွယ်နှင့်လျော်ညီစွာ အခြေခံပညာနှင့် အဆင့်မြင့်ပညာ စာသင်ခန်းများဆီသို့ ပြန်လည်ပို့ဆောင်ပေးရမည့် ရင်နာစရာ ပကတိအရှိတရားကို ယနေ့တွင် ကျွန်ုပ်တို့ ရင်ဆိုင်နေရပြီဖြစ်သည်။
ပဋိပက္ခအလွန်ကာလ တိုင်းပြည် ငြိမ်းချမ်းတည်ငြိမ်ရေးအတွက် လမ်းမှားရောက်ခဲ့သည့် လူငယ်များကို စာသင်ခန်း ပြန်ပို့ပေးမည့် နိုင်ငံတော်အစိုးရ၏ ယခုလုပ်ဆောင်ချက်သည် နိုင်ငံတကာ ကျင့်ထုံးများနှင့် ချိန်ထိုးလျှင် မှန်ကန်ရုံတင်မက အင်မတန် သဘောထားကြီးမြတ်သော မဟာဗျူဟာမြောက် ခြေလှမ်းတစ်ခု ဖြစ်သည်။ ကမ္ဘာ့ကုလသမဂ္ဂက အသိအမှတ်ပြုထားသည့် DDR (Disarmament, Demobilization, and Reintegration) ခေါ် “လက်နက်ဖြုတ်သိမ်းခြင်း၊ တပ်ဖျက်သိမ်းခြင်းနှင့် လူ့အဖွဲ့အစည်းအတွင်း ပြန်လည်ဝင်ဆန့်စေခြင်း” လုပ်ငန်းစဉ်သည် ကမ္ဘာ့ပဋိပက္ခများစွာကို အဆုံးသတ်ပေးခဲ့ဖူးသည်။
ကမ္ဘာ့သမိုင်းတွင်လည်း မိမိနိုင်ငံ၏ အနာဂတ်ဖြစ်သော ဆယ်ကျော်သက်လူငယ်များကို တော်လှန်ရေး အမည်တပ်ကာ ရာဇဝတ်မှုမျိုးစုံ ကျူးလွန်ခိုင်းခဲ့သော်လည်း အမျိုးသား ပြန်လည်သင့်မြတ်ရေးအပြင် တိုင်းပြည်တွင် စာမတတ်သူများ တိုးပွားမလာရေး၊ အကြမ်းဖက်လက်နက်ကိုင်များ လျော့ကျရေးနှင့် မှုခင်းကျဆင်းရေးအတွက် လက်နက်ကိုင်လူငယ်များကို နိုင်ငံ့အနာဂတ်အတွက် စာသင်ခန်းဆီ ပြန်လည် ပို့ဆောင်ပေးခဲ့သည့် သာဓကများစွာ ရှိခဲ့သည်။ ဥပမာအားဖြင့် ကိုလံဘီယာနိုင်ငံတွင် ဆယ်စုနှစ်များစွာ လူသတ်၊ မုဒိမ်းကျင့်၊ ကလေးစစ်သား စုဆောင်းခဲ့သည့် FARC သူပုန်အဖွဲ့ဝင် ကျောင်းသားလူငယ်များကို ၂၀၁၆ ခုနှစ်တွင် အစိုးရက လွတ်ငြိမ်းချမ်းသာခွင့်ပေးကာ ပညာသင်ဆုများဖြင့် စာသင်ခန်းများဆီ ပြန်လည် ပို့ဆောင် ပေးခဲ့ကြသည်။ အလားတူပင် အိမ်နီးချင်း နီပေါနိုင်ငံ (Nepal) တွင်လည်း ၁၀ နှစ်ကြာ ပြည်တွင်းစစ်အပြီး ၂၀၀၆ ခုနှစ်တွင် အသက်မပြည့်သေးသည့် လူငယ်တိုက်ခိုက်ရေးသမားများကို စစ်သားအဖြစ်မှ နုတ်ထွက်စေကာ ပညာရေးလမ်းကြောင်းပေါ်သို့ အောင်မြင်စွာ ပြန်လည် ပို့ဆောင်ပေးခဲ့ကြသည်။
ထိုသို့သော နိုင်ငံတော် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းစဉ်သည် စစ်ပွဲအတွင်း ဒုစရိုက်မှုများကြောင့် အသက်၊ အိုးအိမ်၊ စည်းစိမ်နှင့် သိက္ခာများ ဆုံးရှုံးခဲ့ရသည့် အရပ်သားမိသားစုများအတွက်သာမက၊ NLD, CRPH နှင့် NUG/ PDF တို့၏ Social Punishment ပြုလုပ်ခြင်းကို ခံခဲ့ရသည့် ကျောင်းသားလူငယ်များနှင့် မိဘများအတွက်ပါ အလွန်တရာ ရင်နာစရာကောင်းပြီး စိတ်ကူးဖြင့်ပင် ခွင့်လွှတ်နိုင်စရာမရှိသည့် နာကျင်မှုမျိုး ဖြစ်နိုင်ပါသည်။ သို့သော် နိုင်ငံရေးအရ အမျိုးသားပြန်လည်သင့်မြတ်ရေး (National Reconciliation) နှင့် တိုင်းပြည်အနာဂတ်အတွက် ဤကျဉ်းမြောင်းလှသော အမုန်းတရားများကို တွန်းလှန်ပြီး သဘောထားကြီးစွာဖြင့် ရှေ့ဆက်ရမည် ဖြစ်သည်။
လမ်းမှားရောက်နေသည့် PDF လူငယ်များနှင့် NLD, CRPH၊ NUG တို့၏ ခြိမ်းခြောက်မှုများကြောင့် ကြောက်ရွံ့ကာ ပညာရေးပန်းတိုင် ဆုံးခန်းမရောက်ခဲ့ရရှာသော လူငယ်များအနေဖြင့် မိခင်တက္ကသိုလ်များနှင့် စာသင်ခန်းများဆီ ဘေးကင်းစွာ ပြန်လည်ဝင်ရောက်ခွင့်ရရှိပြီး တိုင်းပြည်ပြန်လည်ငြိမ်းချမ်းလာပါက လက်ရှိ မြန်မာမိဘများနှင့် လူငယ်ထုတစ်ရပ်လုံး စိုးရိမ်ပူပန်နေရသည့် စစ်မှုထမ်းရမည့် ဖိအားများမှ အလိုလို ကင်းလွတ်သွားမည် ဖြစ်သည်။ ထို့အပြင် ၂၀၂၁ နောက်ပိုင်းတွင် ပညာသင်၊ ဘွဲ့ရခဲ့သူများကို အသိအမှတ်မပြုဟု ခြိမ်းခြောက်ခဲ့သော NLD, CRPH နှင့် NUG တို့၏ ခြိမ်းခြောက်မှုများလည်း ပျောက်ပျက်သွားမည့်အပြင် အသိဉာဏ်ရှိသည့် လူငယ်ထောင်ပေါင်းများစွာ ကျောင်းပြန်တက်ခွင့်ရခြင်းသည် ဦးနှောက်မဲ့သော လက်နက်ကိုင် အကြမ်းဖက်မှုများကို အလိုအလျောက် ပြိုလဲပျက်စီးသွားစေမည့် အကောင်းဆုံးသော ငြိမ်းချမ်းရေး လက်နက်ပင် ဖြစ်သည်။
ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီ ခေါင်းစဉ်တပ်ကာ သူတစ်ပါးသားသမီးများကို အသုံးချခဲ့သည့် ပြည်ပရောက် ခေါင်းဆောင်ဆိုသူများသည် ယနေ့ကာလ နိုင်ငံကြီးများတွင် မိသားစုလိုက် အခြေချနေထိုင်နေသည့်အပြင် ပြည်သူ့အလှူငွေ ခိုးဝှက်စားသုံးကာ ဇိမ်ခံနေချိန်၊ များမကြာမီကာလတွင်လည်း အမျိုးသားပြန်လည်သင့်မြတ်ရေးခေါင်းစဉ်အောက်၌ လူငယ်များကို လိမ်လည်လှည့်ဖျားကာ အသက်နှင့် ဘ၀ပေးဆပ်စေခဲ့သောသူတို့က ငြိမ်းချမ်းရေးစားပွဲဝိုင်းနှင့် ညစာစားပွဲများ၌ ဝိုင်ခွက်ချင်းတိုက်ကာ တွေ့ဆုံစကားပြောကြရန် တိုက်တွန်း ပြင်ဆင်နေကြသည့်အချိန်တွင် တောထဲ၌ လက်နက်ကိုင်တို့၏ လိင်ကျွန်ဖြစ်နေရသော၊ အနာဂတ်မဲ့စွာ အသက်စွန့်နေရသော လမ်းမှားရောက်လူငယ်များကို မိဘများက စာသင်ခန်းဆီ ပြန်လည် ခေါ်ယူနိုင်ခြင်းသည်ပင် နိုင်ငံ့အတွက် အကြီးမားဆုံးသော အမြတ်အစွန်း ဖြစ်နိုင်ပါသည်။
နိုင်ငံတစ်ခုသည် အမုန်းတရားများနှင့် အငြိုးအတေးများကိုသာ အခြေတည်ပြီး ရှေ့ဆက်သွား၍ မရနိုင်ပါ။ နိုင်ငံရေးအရ သင်ပုန်းချေရသည့် အရင်းအနှီးသည် ခံရသူများအတွက် တန်ဖိုးကြီးမားလွန်းလှသော်လည်း လက်နက်ကိုင်လူငယ်များ စာသင်ခန်းပြန်ရောက်မှသာ တိုင်းပြည်တည်ငြိမ်အေးချမ်းမှု မြန်ဆန်စေမည်ဖြစ်သည်။ အခြားတစ်ဖက်တွင်လည်း NLD, CRPH နှင့် NUG / PDF တို့၏ သတ်ဖြတ် မုဒိမ်းကျင့်ခံခဲ့ရသော၊ Social Punishment အလုပ်ခံခဲ့ရသော ကျောင်းသားလူငယ်များနှင့် မိသားစုဘ၀များအတွက် ပြန်လည်ကုစားပေးမှုအဖြစ် ၁။ စာသင်ခန်းသို့ ပြန်မပို့မီ ကျူးလွန်သူများကို အမှားအတွက် လူသိရှင်ကြား ဝန်ခံခိုင်းခြင်း၊ ၂။ သေဆုံးသူ၊ မိသားစုဘ၀ပျက်ခဲ့ရသူများအတွက် အထိမ်းအမှတ်နှင့် ကရုဏာကြေး (Reparations) ပေးခြင်း၊ ၃။ လက်နက်ကိုင်များ၏ဒဏ် ရင်စည်းခံခဲ့ရသူများက ခွင့်လွှတ်နိုင်စွမ်းရှိအောင် အချိန်ယူ ညှိနှိုင်းခြင်း၊ စသည့် လုပ်ငန်းစဉ်များကိုမူ အစိုးရက ဦးဆောင်လုပ်ကိုင်သင့်ကြောင်း တိုက်တွန်းရမည် ဖြစ်ပါသည်။ အလားတူ ၂၀၂၁ နွေဦးတော်လှန်ရေးသင်ခန်းစာကို အခြေခံ၍ နောင်တစ်ချိန်တွင် ကျွန်ုပ်တို့၏ နိုင်ငံ့အနာဂတ်ရင်သွေးငယ်များအနေဖြင့် မည်သည့်နိုင်ငံရေးမှိုင်းလုံးအောက်တွင်မျှ လမ်းမှားမရောက်ကြစေရန် ယခုကာလဖြစ်ရပ်များကို သမိုင်းကြေးမုံအဖြစ် အမှန်အတိုင်း မှတ်ကျောက်တင်ကာ အနာဂတ် မြန်မာပြည်သစ်ကို ပညာရေးဖြင့် ပြန်လည် တည်ဆောက်ကြချိန် တန်ပါပြီဖြစ်ကြောင်း MT News က တိုက်တွန်း နှိုးဆော်လိုက်ရပါသည်။
