၂၁. ၅. ၂၀၂၆
Translated by Thettant
ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဘင်္ဂါလီဒုက္ခသည်များကို ကူညီပံ့ပိုးပေးနေသည့် ကုလသမဂ္ဂအေဂျင်စီများက မရှိမဖြစ်လိုအပ်သော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများအတွက် အမေရိကန်ဒေါ်လာ သန်းပေါင်း ၆၁၀ အထိ ကြီးမားသော ရန်ပုံငွေလိုအပ်မှု ရှိနေကြောင်း သတိပေးလိုက်သည့်အပြင် လိုအပ်ချက်များ ဆက်လက်ကြီးထွားလာသော်လည်း ငွေကြေးထောက်ပံ့မှုအရင်းအမြစ်များ ကျဆင်းနေသည့်အတွက် တုံ့ပြန်ဆောင်ရွက်ရေးလုပ်ငန်းစဉ်သည် အထူးခက်ခဲသော အခြေအနေသို့ ရောက်ရှိနေကြောင်း ပြောကြားသည်။
မြန်မာနိုင်ငံအတွင်း ဖြစ်ပွားခဲ့သည့် ARSA အကြမ်းဖက်များက ရဲကင်းစခန်းများနှင့် ရခိုင်တိုင်းရင်းသားများကို စတင် တိုက်ခိုက်သတ်ဖြတ်မှု ဖြစ်စဉ်များကြောင့် ARSA တို့ကို နယ်မြေရှင်းလင်းချိန် ARSA ၏ စည်းရုံးမှုအရပင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်လာကြသည့် ဘင်္ဂါလီဒုက္ခသည် တစ်သန်းကျော် (မူလထွက်ပြေးစဉ်က ၇ သိန်းကျော်) နေထိုင်ရာ ကော့ဇ်ဘဇား (Cox’s Bazar) ရှိ ဒုက္ခသည်စခန်းများတွင် အခြေအနေမှာ ပိုမိုဆိုးရွားပြီး အရေးကြီးလာကြောင်း ကုလသမဂ္ဂဦးဆောင်သည့် ဘင်္ဂါလီဒုက္ခသည်များဆိုင်ရာ တုံ့ပြန်ဆောင်ရွက်ရေးအဖွဲ့ (UN-led Refugee Response) က ဗုဒ္ဓဟူးနေ့တွင် သတိပေးချက် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးက အဆိုပါ အိုးအိမ်စွန့်ခွာထွက်ပြေးရမှု အကျပ်အတည်းကို ကမ္ဘာပေါ်တွင် အကြီးမားဆုံးနှင့် သက်တမ်းအရှည်ကြာဆုံး ဒုက္ခသည်အခြေအနေများထဲက တစ်ခုအဖြစ် ဖော်ပြထားသည်။
ကမ္ဘာတစ်ဝန်းရှိ များပြားလှသော အကျပ်အတည်းများကြားတွင် ရန်ပုံငွေရရှိမှု ကျဆင်းလာပြီး လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်များ မြင့်တက်လာခြင်းကြောင့် ယခုနှစ်အတွင်း လုပ်ငန်းလည်ပတ်မှုအပေါ် ပြင်းထန်သော ဖိအားများ ကျရောက်နေကြောင်း ကုလသမဂ္ဂဦးဆောင်သည့် တုံ့ပြန်ဆောင်ရွက်ရေး ယန္တရားက ကြေညာချက်တွင် ထည့်သွင်းပြောကြားခဲ့သည်။
“တုံ့ပြန်ဆောင်ရွက်ရေးလုပ်ငန်းဟာ စတင်ဝင်ရောက်လာချိန်ကစလို့ အဆိုးရွားဆုံး အကျပ်အတည်း ကာလတစ်ခုနဲ့ ရင်ဆိုင်နေရပါတယ်” ဟု ၎င်းတို့က ဆိုသည်။
ကမ္ဘာလုံးဆိုင်ရာ လူသားချင်းစာနာမှု ဖိအားများနှင့် အခြားအရေးပေါ်အခြေအနေများကြောင့် အလှူရှင်များ၏ ပံ့ပိုးကူညီမှုမှာ ကျဆင်းနေသော်လည်း၊ လူဦးရေပမာဏနှင့် လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်များမှာမူ သိသိသာသာ တိုးပွားလျက်ရှိကြောင်း ၎င်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
◾️ ရန်ပုံငွေတောင်းခံမှုနှင့် ထိခိုက်ခံရသူ လူဦးရေတိုးပွားလာမှု အကျပ်အတည်း
ကုလသမဂ္ဂသည် လူဦးရေ ၁ ဒသမ ၅၆ သန်းခန့်ကို ထောက်ပံ့ကူညီနိုင်ရန်အတွက် စုစုပေါင်း အမေရိကန်ဒေါ်လာ သန်း ၇၁၀ ကျော် တောင်းခံထားသည်။ ထိုလူဦးရေစာရင်းတွင် ဘင်္ဂါလီဒုက္ခသည် ၁ ဒသမ ၂ သန်းအပြင် ဒုက္ခသည်စခန်း ဝန်းကျင်တွင် နေထိုင်ပြီး အကူအညီလိုအပ်နေသည့် ဘင်္ဂလားဒေ့ရှ်ဒေသခံ ၃၀၇,၀၀၀ လည်း ပါဝင်သည်။
ယခုတောင်းခံထားသည့် စုစုပေါင်းပမာဏအနက် ဒေါ်လာ သန်း ၆၁၀ မှာ အရေးပေါ် အသက်ကယ်ဆယ်ရေးနှင့် အကာအကွယ်ပေးရေး လုပ်ငန်းစဉ်များအတွက် အနည်းဆုံး လိုအပ်မည့် ပမာဏဖြစ်ကြောင်း ၎င်းအဖွဲ့အစည်းက ပြောကြားသည်။
ပြစ်မှုကျူးလွန်မှုများနှင့် နယ်မြေရှင်းလင်းမှုများကြောင့် ထွက်ပြေးတိမ်းရှောင်လာခဲ့ရပြီး ၉ နှစ်နီးပါး ကြာမြင့်လာသည့်တိုင်အောင် အဆိုပါ ဒုက္ခသည်များသည် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများကိုသာ အဓိက မှီခိုအားထားနေရဆဲ ဖြစ်ကြောင်းနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းသို့ ဒုက္ခသည်သစ်များ ဆက်လက်ဝင်ရောက်လျက်ရှိကြောင်း ကုလသမဂ္ဂက ထောက်ပြထားသည်။ ၎င်းအဖွဲ့အစည်း၏ စာရင်းများအရ ၂၀၂၅ ခုနှစ်အတွင်း ဝင်ရောက်လာသူ ဘင်္ဂါလီ ၁၄၀,၀၀၀ ကျော်ကို မှတ်ပုံတင်ထားခဲ့ကြောင်း သိရသည်။
◾️ ရေရှည်အာရုံစိုက်မှုရှိရန် ကုလသမဂ္ဂအရာရှိများ တိုက်တွန်း
ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ ကုလသမဂ္ဂဌာနေညှိနှိုင်းရေးမှူး ကာရို ဖလော်ရီ စမီရက်ဇ်နီယက် (Carol Flore-Smereczniak) က ဤအရေးပေါ်အခြေအနေအား နိုင်ငံတကာ၏ အာရုံစိုက်မှုအပြင်ဘက်သို့ ရောက်ရှိမသွားစေရန်နှင့် မေ့လျော့ခံ အကျပ်အတည်းတစ်ခု ဖြစ်မလာစေရန် သေချာစေဖို့ အရေးကြီးကြောင်း ဒါကာမြို့၌ သတင်းထောက်များကို ပြောကြားခဲ့သည်။
ယခုနောက်ဆုံး ရန်ပုံငွေတောင်းခံမှုသည် ဘင်္ဂါလီများ၏ ကာလရှည်ကြာ ရင်ဆိုင်နေရသော ဒုက္ခများ မပြေလည်သေးဘဲ ရှိနေစဉ် ထွက်ပေါ်လာခြင်းဖြစ်ပြီး၊ ဒုက္ခသည်များသည် စခန်းများအတွင်း အခြေခံလိုအပ်ချက်များအတွက် ပြင်ပအကူအညီများကိုသာ ဆက်လက်အားကိုးနေရဆဲဖြစ်သည်။
ဒုက္ခသည်လူဦးရေနှင့် လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်များ ဆက်လက်မြင့်တက်နေချိန်တွင် အရေးအကြီးဆုံး အကူအညီများကို ဆက်လက်ထိန်းထားနိုင်ရန်အတွက် တောင်းခံထားသော ရန်ပုံငွေမှာ မရှိမဖြစ်လိုအပ်ကြောင်း ကုလသမဂ္ဂ၏ နောက်ဆုံးသတိပေးချက်က ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ လူသားချင်းစာနာမှုဆိုင်ရာ စိန်ခေါ်မှုများ၏ ပမာဏကို ထင်ဟပ်ပေါ်လွင်စေသည်။
Ref : Pakistan Today
