
၂၁.၅.၂၀၂၆
Translated by Htwe Ko Tun
ထိုင်းနိုင်ငံတွင် ဆေးရုံတင်ထားရသည်မှာ သုံးနှစ်ကျော်နေပြီဖြစ်သည့် ထိုင်းဘုရင်မင်းမြတ်၏ အကြီးဆုံး သမီးတော်ဖြစ်သော မင်းသမီး ဘာဂျရာကီတီယာဘာ မဟီဒေါ၏ ကျန်းမာရေးအခြေအနေမှာ အတော်ဆိုးရွားယိုယွင်းလာကြောင်း နန်းတော်က မေလ ၂၁ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။
ထိုင်းဘုရင်၏ အကြီးဆုံးသမီးတော်ဖြစ်သော မင်းသမီး မဟီဒေါက ၂၀၂၂ ခုနှစ် ဒီဇင်ဘာလတွင် စစ်ခွေးလေ့ကျင့်ရေးသင်တန်းတစ်ခုအတွင်း ဖျားနာခဲ့ပြီးနောက် ထိုအချိန်မှစ၍ ဆေးရုံတွင်သာ ဆက်လက်နေထိုင်ခဲ့ရသည်။
မင်းသမီးမှာ သွေးအတွင်း ရောဂါပိုးကူးစက်ခြင်းကို ပြင်းထန်စွာ ခံစားခဲ့ရပြီး သူမ၏ အဆုတ်နှင့် ကျောက်ကပ်လုပ်ဆောင်ချက်များကို ဆေးဘက်ဆိုင်ရာ ကိရိယာများနှင့် ဆေးဝါးများဖြင့် ထောက်ပံ့ပေးနေရကြောင်း နန်းတော်က ယခင်က ပြောကြားခဲ့သည်။
တော်ဝင်အိမ်တော်ထိန်းရုံးက မေလ ၂၁ ရက်တွင် ကြေညာချက်တစ်စောင်ထုတ်ခဲ့ရာ၌ မင်းသမီးသည် အူမကြီး ယောင်ယမ်းခြင်းကြောင့် ဝမ်းဗိုက်ပိုးဝင်ခြင်း ဖြစ်ပွားခဲ့ပြီး မတည်ငြိမ်သော ကိုယ်အင်္ဂါအစိတ်အပိုင်းလက္ခဏာများ၊ သွေးပေါင်ချိန်နိမ့်ခြင်း၊ နှလုံးခုန်မမှန်ခြင်းနှင့် သွေးခဲခြင်းမမှန်ခြင်း တို့ကို ခံစားနေရကြောင်း ပြောကြားခဲ့သည်။
နန်းတော်က ဘာဂျရာကီတီယာဘာသည် သူမ၏ အဆုတ်နှင့် ကျောက်ကပ်လုပ်ဆောင်ချက်များကို ထောက်ပံ့ပေးရန် ဆေးဘက်ဆိုင်ရာ ကိရိယာများအပြင် ဆေးဝါးများကိုပါ အားကိုးနေရဆဲဖြစ်ကြောင်း ထပ်လောင်းပြောကြားခဲ့သည်။
ကြေညာချက်တွင် မင်းသမီး၏ အခြေအနေသည် ဆက်လက်ယိုယွင်းလာနေကာ ရောဂါပိုးသည် ထိန်းချုပ်၍မရတော့ဘဲ အခြားအင်္ဂါများကိုပါ ထိခိုက်လာစေသည်ဟု ဖော်ပြခဲ့သည်။
ဗြိတိန်၊ အမေရိကန်နှင့် ထိုင်းနိုင်ငံတို့တွင်ပညာသင်ကြားခဲ့သော မဟီဒေါသည် ကုလသမဂ္ဂတွင် ရာထူးများစွာကို ထမ်းဆောင်ခဲ့ပြီး အကျဉ်းထောင်များရှိ အမျိုးသမီးများကို ပိုမိုကောင်းမွန်စွာ ဆက်ဆံရန် လှုပ်ရှားခဲ့သည်။
မင်းသမီးသီရိဘာဂျရာအဖြစ် ထိုင်းနိုင်ငံတွင်လူသိများသော အသက် ၄၇ နှစ်အရွယ် မင်းသမီးသည် ထိုင်းဘုရင် မဟာဗာဂျီရာလောင်ကွန်၏ ပထမဆုံးအိမ်ထောင်မှ တစ်ဦးတည်းသောသမီး ဖြစ်သည်။
သူမသည် သူမ၏ဖခင်နှင့် နီးကပ်သည်ဟု ယူဆရပြီး ဆေးရုံတက်ရန် တစ်နှစ်အလိုတွင် သူ၏ ကိုယ်ရံတော်တပ်မှူးအဖွဲ့တွင် အကြီးတန်းရာထူးတစ်ခုတွင် ခန့်အပ်ခံခဲ့ရသည်။
အိမ်ထောင်လေးခုမှ ကလေးခုနစ်ဦးရှိသော အသက် ၇၃ နှစ်အရွယ် ထိုင်းဘုရင်သည် သူရွေးချယ်ထားသော အမွေဆက်ခံသူကို မကြေညာသေးသော်လည်း ဆက်ခံမှုစည်းမျဉ်းများသည် အမျိုးသားများကို မျက်နှာသာ ပေးလျက်ရှိသည်။
Ref- CNA
