၂၁. ၅. ၂၀၂၆
Translated by Thettant
အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ်ရဲတပ်ဖွဲ့သည် ယမန်နေ့ မေလ ၂၀ ရက်က သီးခြားစီပြုလုပ်ခဲ့သော မူးယစ်ဆေးဝါးနှိမ်နင်းရေး စစ်ဆင်ရေးနှစ်ခုအတွင်း မြန်မာနိုင်ငံသားတစ်ဦး အပါအဝင် စုစုပေါင်း လူ ၄ ဦးကို ဖမ်းဆီးရမိခဲ့သလို ၎င်းတို့ထံမှ ဆေးခြောက်များနှင့်အတူ သန့်စင်မှုညံ့ဖျင်း၍ Brown Sugar ဟု ခေါ်ဆိုသည့် ဘိန်းဖြူအညံ့စား (Heroin No. 3) ဟု သံသယရှိသော မူးယစ်ဆေးဝါးများကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ပထမစစ်ဆင်ရေးတွင် မဏိပူရရဲတပ်ဖွဲ့သည် အင်ဖာအရှေ့ပိုင်းခရိုင် (Imphal East) ရှိ အီရီဘန်း (Irilbung) ရဲစခန်း စစ်ဆေးရေးဂိတ်၌ ရှာဖွေစစ်ဆေးမှုများ ပြုလုပ်စဉ် လူ ၂ ဦးကို ဖမ်းဆီးခဲ့သည်။ ဖမ်းဆီးရမိသူများမှာ သိုဘယ်လ်ခရိုင် (Thoubal) နေ အသက် ၂၀ အရွယ် ရမ်ဘမ် ဆူဓီရ် ဆင်း (ခ) ဆာဒါနန်ဒါ (Yambem Sudhir Singh alias Sadananda) နှင့် အင်ဖာအနောက်ပိုင်းခရိုင် (Imphal West) နေ အသက် ၂၆ အရွယ် သွန်ဂမ် ဘီရှယ်လ် ဆင်း (ခ) အမူဂျာအို (Thongam Bishal Singh alias Amujao) တို့ ဖြစ်ကြသည်။
ရဲတပ်ဖွဲ့သည် ၎င်းတို့ထံမှ ဆေးခြောက်ဟု သံသယရှိရသည့် အလေးချိန် ၃ ဒသမ ၃ ကီလိုဂရမ်ခန့်ရှိ မူးယစ်ဆေးများကို သိမ်းဆည်းရမိခဲ့သည်။ ထို့အပြင် ဟွန်ဒါအက်တီးဗား (Honda Activa) စကူတာတစ်စီး၊ စတန်နာ (Stunner) မော်တော်ဆိုင်ကယ်တစ်စီးနှင့် လက်ကိုင်ဖုန်း ၂ လုံးတို့ကိုလည်း အာဏာပိုင်များက သိမ်းဆည်းခဲ့သည်။
အလားတူ ချူရာချန်ပူခရိုင် (Churachandpur)၊ ဆင်းဂတ် (Singngat) ရဲစခန်းပိုင်နက်အတွင်းရှိ အမျိုးသားအဝေးပြေးလမ်းမကြီး-၁၀၂ (ဘီ) ပေါ်တွင် ပြုလုပ်ခဲ့သည့် အခြားစစ်ဆင်ရေးတစ်ခုတွင်မူ ရဲတပ်ဖွဲ့က မြန်မာနိုင်ငံသားတစ်ဦး အပါအဝင် လူ ၂ ဦးကို ထပ်မံဖမ်းဆီးခဲ့သည်။
ဖမ်းဆီးခံရသူများမှာ မြန်မာနိုင်ငံ၊ ချင်းပြည်နယ်၊ ဖိုင်မိုရွာ (Phaimual) တွင် နေထိုင်သည့် အသက် ၃၁ နှစ်အရွယ် မစ္စတာ ခွပ်ပ်စီယန်ခိုင် ဗျူလ်နမ် (Khupsiankhai Vualnam) နှင့် အိန္ဒိယနိုင်ငံ၊ ချူရာချန်ပူခရိုင်၊ ဆွန်ဒိုင်းရွာ (Suangdai) တွင် နေထိုင်သည့် အသက် ၃၄ နှစ်အရွယ် ဒိုခန်လန် ထန်ဆင်း (Doukhanlal Thangsing) တို့ ဖြစ်ကြသည်။
၎င်းတို့ထံမှ Brown Sugar ဟု သံသယရှိရသည့် အလေးချိန် ၂ ဒသမ ၁၂၇ ကီလိုဂရမ်ခန့်ရှိသော ဆပ်ပြာခွက် ၅၅ ခွက်ကို ရဲတပ်ဖွဲ့က ရှာဖွေပုံစံဖြင့် သိမ်းဆည်းရမိခဲ့ပြီး ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုသည့် ကန်ဘို (Kenbo) မော်တော်ဆိုင်ကယ်တစ်စီးကိုလည်း သိမ်းဆည်းခဲ့ကြောင်း သိရသည်။
လက်ရှိတွင် အဆိုပါအမှုနှစ်ခုစလုံးနှင့် ပတ်သက်၍ အသေးစိတ် စုံစမ်းစစ်ဆေးမှုများကို ဆက်လက်လုပ်ဆောင်နေကြောင်း ရဲတပ်ဖွဲ့က ပြောကြားထားသည်။
Ref: India Today NE
