April 29, 2024

Editorial

၆. ၉. ၂၀၂၃

ခက်ခဲပင်ပန်းစွာ တန်းစီတိုးမှ ဆန်နှင့်ဆီရသော်ငြား လိုအပ်သလောက်မရသည့် ဘဝကို ပြည်သူများ ရင်ဆိုင်နေရပြီဖြစ် သည်။

ဆန်တစ်ပြည် ကျပ် ၂၅၀၀၊ စားဆီတစ်ပိသာ ကျပ် ၄၃၀၀ ဆိုသော်လည်း ထိုသို့သော စျေးနှင့်ရရန်မှာ အစိုးရစီမံမှုအရ ရောင်းချသော ဆိုင်များလိုက်လံရှာဖွေရန်နှင့် အချိန်နှစ်နာရီ၊ ၃ နာရီခန့် တန်းစီရသည့်အပြင် ယခုလက်ရှိတွင်မတော့ ဆန်ဝယ်လိုသူသည် ဒိုင်များတွင်ပင် မှတ်ပုံတင်တစ်ခု ၁၂ ပြည်၊ ဆီဝယ်လိုသူကား ၅၀ သားအထိ လျော့ကျရောင်းချလာနေပြီဖြစ်သည်။

ထိုဖြစ်ရပ်၏ အရင်းခံအစသည်ကား အဆမတန်အမြတ်လိုသော ဝိသမလောဘ၊ အစိုးရက ဖမ်းဆီးအရေးယူချိန်မှ စေတနာမမှန်သော ဟန်ပြရောင်းချမှုနှင့် နေ့ရက်ဆက်လာချိန်တွင် လျှော့ချမရောင်းနိုင်တော့ဘဲ မူရင်းအခြေအနေသို့ ပြန်ရောက်ပြီး ပြည်သူများ အဆမတန်စျေးကြီးပေးဝယ်ရန် စီမံချက်တို့ အရင်းခံထားသလောဟုပင် ကောက်ချက်ယူရမည်ဖြစ်သည်။

ဆန်ပိုသော မြန်မာနိုင်ငံသည် ပြည်တွင်းစားသုံးမှုလုံလောက်ရန် တင်ပို့မှုလျှော့ချထားသော်ငြား ဆန်စျေးမကျလာဘဲ ဝိသမ လောဘသားအချို့က ဆန်များပိုက်ကာ တင်းခံနေသဖြင့် ဆန်အသင်းက ရောင်းချပေးနိုင်သော အရန်ဆန်မှာလည်း လျှော့ချရောင်းချလာနေရသည့် အခြေအနေဖြစ်လာနေသည်။

ထို့နည်းတူ ဆီဆိုင်များသည်လည်း ၄၂၀၀ ခန့်သာ အရင်းရှိသော စားအုန်းဆီများကို ၁၀၀၀၀ ကျော်ဖြင့်သာ ရောင်းချလိုရာ အမြတ်ငွေ ၂၀ ရာခိုင်နှုန်းအထက် မကျော်ရဟု သတ်မှတ်ချိန်တွင် ဝိသမလောဘများဖြင့် အစိုးရနှင့် ပြည်သူကို အားစမ်းကာ ဆီအသင်းချပေးသောဆီမှအပ အခြားဆီများ သိုလှောင်ကာ ထုတ်မရောင်းကြတော့သဖြင့် ပြည်သူများသာ ဒုက္ခခံ တန်းစီတိုးစားနေရကာ ဆီအသုံးပြုမှုများသော စျေးဆိုင်ငယ်များ လိုသလောက်မရသဖြင့် လုပ်ငန်းလည်ပတ်နိုင်မှု မရှိတော့သည်ကိုလည်း မြင်တွေ့နေရပေသည်။

လမ်းပန်းဆက်သွယ်ရေး၊ ဒေါ်လာစျေး စသော အကျပ်အတည်းများကြောင့် ကမ္ဘာ့နိုင်ငံများနည်းတူ ကုန်စျေးနှုန်းများ မြင့်တက်လာနေမှုကို နားလည်သော်ငြား ဝိသမလောဘများဖြင့် စျေးအဆမတန်တင်ကာ အမြတ်ယူလိုသော လုပ်ရပ်များမှာမူ အောက်တန်းကျမှုဖြစ်ပြီး ထိုသို့သော အမြတ်ကြီးစားမှုများကို ထိန်းချုပ်ချိန် ထုတ်မရောင်းတော့သော လုပ်ရပ်များမှာမူ ပြည်သူနှင့် တာဝန်ရှိသူများ အကျပ်အတည်းတွေ့ ဒုက္ခရောက်စေသော လက်ဝါးကြီးအုပ်စျေးကစားမှုကို အတိအကျကျုးလွန်ခြင်းဖြစ်လာသည်ဟု ယူဆရပေမည်။

ထို့ကြောင့် ဝိသမလောဘများဖြင့် အမြတ်ကြီးစား လုပ်ငန်းရှင်များ ပြည်သူကို ငဲ့ညှာသောအားဖြင့် စျေးအဆမတန်တင်ခြင်း ရှောင်ရှားရန်၊ သတ်မှတ်စျေးဖြင့် သင့်တင်သောအမြတ်ဖြင့် ဆန်၊ ဆီများ ရောင်းချရေးလုပ်ဆောင်ရာတွင် ပြည်သူကို ထုတ်မရောင်းဘဲ သိုလှောင်ထားသော ဘောင်အတွင်းမှ ယုတ်မာမှုများ ရှောင်ရှားရန်နှင့် အစိုးရတာဝန်ရှိသူများအနေဖြင့်လည်း ပြည်သူများအကျပ်အတည်းတွေ့ချိန်ကျမှ ဆန်စင်ရာကျည်ပွေ့လိုက်သော စီမံခန့်ခွဲမှုအလွဲများထက် အခြေခံစားကုန်များအပါအဝင်၊ အိမ်၊ ခြံ၊ မြေ၊ ရွှေ၊ ငွေ၊ ကား စျေးကစားသူများကို ခိုင်မာသော မူဝါဒများ၊ ဥပဒေများ ချမှတ်ထိန်းကျောင်းကာ ရေရှည်ကြည့်ရှုစီမံပေးရန် လိုအပ်နေပြီဖြစ်ပါကြောင်း MT News သတင်းဌာနက တိုက်တွန်းရေးသားအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *