MT News

Written by Nyein Kyaw

ပြည်တွင်း၌ ဒေါ်လာနှင့်ရွှေဈေးကစားသူများကို အရေးယူမည်ဟု သတိပေးကြေညာခဲ့ပြီးနောက် လက်ရှိတွင် ပြည်တွင်း၌ ဒေါ်လာဈေး တစ်ဒေါ်လာ ကျပ် ၃၅၀၀ ဝန်းကျင်နှင့် အခေါက်ရွှေတစ်ကျပ်သား ကျပ် ၃,၆၀၀,၀၀၀ ဝန်းကျင်သို့ ပြန်လည်ကျဆင်းခဲ့ပြီး သုံးပတ်အတွင်း ဒေါ်လာနှင့်ရွှေဈေးနှုန်း ၁၀ ရာခိုင်နှုန်းဝန်းကျင် ပြန်လည်ကျဆင်းလာခဲ့သည်။

ပြီးခဲ့သည့် ဩဂုတ်လ ၁၈ ရက်တွင် ပြည်တွင်း၌ ဒေါ်လာဈေး တစ်ဒေါ်လာ ကျပ် ၃,၉၆၀ နှင့် အခေါက်ရွှေတစ်ကျပ်သား ကျပ် ၃,၉၇၀,၀၀၀ အထိမြင့်တက်ခဲ့သဖြင့် ဇူလိုင်လနှင့်နှိုင်းယှဉ်လျှင် တစ်လအတွင်း ဒေါ်လာဈေးနှုန်း တစ်ဒေါ်လာ ကျပ် ၈၀၀ ဝန်းကျင် (၂၅ ရာခိုင်နှုန်းကျော်) နှင့် ရွှေဈေးနှုန်း အခေါက်ရွှေတစ်ကျပ်သား ကျပ် ၇၀၀,၀၀၀ ကျော် (၂၁ ရာခိုင်နှုန်းကျော်) ကျော်မြင့်တက်မှုများရှိခဲ့သည်။

ထို့ကြောင့် ဗဟိုဘဏ်က နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဆိုင်ရာဥပဒေအား ချိုးဖောက်၍ နိုင်ငံခြားငွေကိုင်ဆောင်ခြင်းနှင့် ရောင်း ဝယ်ဖောက်ကားသူများကို အရေးယူမည်ဖြစ်ကြောင်း ဩဂုတ်လ ၂၀ ရက်မှစ၍ ဆက်တိုက် သတိပေးခဲ့သည့်အပြင် ပြင်ပပေါက်ဈေးနှုန်း တစ်ဒေါ်လာ ၃,၅၀၀ ကျော်ဖြင့် တွက်ချက်ကာ ပြန်လည်ရောင်းချနေသည့် သွင်းကုန်လုပ်ငန်းရှင်များကို ဝိသမလောဘသားအဖြစ် သတ်မှတ်ပြီး အရေးယူသွားမည်ဖြစ်ကြောင်း SAC ၏ သတင်းထုတ်ပြန်ရေးအဖွဲ့ ပြောရေး ဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဩဂုတ်လ ၂၂ ရက်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲမှတစ်ဆင့် သတိပေးပြောကြားခဲ့သည်။

ထို့ပြင် သတင်းစာရှင်းလင်းပွဲမှတစ်ဆင့် သတိပေးပြောကြားခဲ့သော်လည်း ရိုးဖြောင့်စွာ လုပ်ကိုင်ဆောင်ရွက်မှု မရှိသေးသည့် အချို့သောဘဏ်များ၏ လုပ်ဆောင်ချက်များကို စနစ်တကျ စောင့်ကြည့်သုံးသပ် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း SAC ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုယ်တိုင် ထပ်မံသတိပေးပြောကြားခဲ့သည်။

ယင်းကဲ့သို့ သတိပေးဆောင်ရွက်မှုများကြောင့် စက်တင်ဘာ ၆ ရက် (ယနေ့)တွင် ပြည်တွင်း၌ ဒေါ်လာဈေး တစ်ဒေါ်လာ ၃,၅၂၀ သို့ ကျဆင်းခဲ့ပြီး အခေါက်ရွှေတစ်ကျပ်သား ကျပ် ၃,၆၀၀,၀၀၀ သို့ ထပ်မံကျဆင်းခဲ့သည့်အတွက် အစိုးရမှ အရေးယူမည်ဟု သတိပေးထုတ်ပြန်မှုများ မဆောင်ရွက်မီ ဩဂုတ်လ ၁၈ ရက်နှင့် နှိုင်းယှဉ်ပါက သုံးပတ်အတွင်း တစ်ဒေါ်လာ ကျပ် ၄၄၀ (၁၁ ရာခိုင်နှုန်း)နှင့် အခေါက်ရွှေတစ်ကျပ်သား ကျပ် ၃၇၀,၀၀၀ (၁၀ ရာခိုင်နှုန်းခန့်) ပြန်လည်ကျဆင်းခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *