November 1, 2024

MT News

Written by Peya

ရွှေစည်းခုံဘုရားရင်ပြင်တွင် ရေဝပ်ခြင်းမှာ ရေစုကန်ကို သွားသည့် မူလရေလမ်းကြောင်းများ ပိတ်သွားသောကြောင့်ဖြစ်ပြီး ယခင် ရေဆင်းရာလမ်းကြောင်းကို ပြန်ဖော်မည်ဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပုဂံဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးကျော်မျိုးဝင်းက MT News သတင်းဌာနသို့ ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၃ ရက်က မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့ခြင်းကြောင့် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ ရွှေစည်းခုံဘုရားကြီးနှင့် အာနန္ဒာဘုရားကြီး ရင်ပြင်တော်တို့တွင် မိုးရေဝပ်ခြင်း ဖြစ်ခဲ့သည့်အပေါ် ရေစုပ်စက်များတပ်ကာ စုပ်ထုတ်ခဲ့ရခြင်းဖြစ်သည်။

“ရွှေစည်ခုံဘုရားကြီးရဲ့ ရေစုကန်ရှိတယ်။ ရေစုကန်ကြီးက အကြီးကြီးပဲ။ ရေစုကန်ကို သွားတဲ့ မူလရေလမ်းကြောင်းက ပိတ်သွားတာ။ ပိတ်သွားတယ် ဆိုတာက သူတို့က ဇရပ်အသစ်တွေ ဆောက်တယ်။ အဆောက်အဦအသစ်တွေ ဆောက်တဲ့အခါမှာ အဲ့ဒီ မူလရေလမ်းကြောင်းတွေကို သတိမထားမိဘဲဆောက်တော့ ပိတ်ဆို့သွားတာပေါ့။ ရွှေစည်းခုံရဲ့ ရင်ပြင်မှာသာ ရေက ခြေမျက်စိကျော်နေတာ ရေစုကန်ထဲမှာ ရေမရှိဘူး။ ရေစုကန်က အကြီးကြီးပဲ။ ကျွန်တော်တို့က ဘာလုပ်ပေးရမလဲ ဆိုရင် ရေစုကန်နဲ့ ရင်ပြင်ကို ဆက်သွယ်ထားတဲ့ မြောင်းတွေပေါ့နော်။ မြောင်းတွေကို ပြန်ဖော်တဲ့အခါ ရှေးဟောင်းအမွေအနှစ်ပစ္စည်းတွေကို မထိခိုက်အောင် HIA (အမွေအနှစ်ထိခိုက်မှု ဆန်းစစ်ချက်) ကို အရင်လုပ်ရမယ်။ လမ်းကြောင်းကို လေ့လာပြီး ဖော်လိုက်ရင် ရေတင်တဲ့ရေက ရေစုကန်တောင် ပြည့်မှာမဟုတ်ဘူး။ ရေစုကန်က အကြီးကြီးပဲ။ ရေတစ်စက်မှ မရှိဘူး။ အဲ့ဒီလို ဖြစ်နေတာ” ဟု ဦးကျော်မျိုးဝင်းက ဆိုသည်။

ပုဂံဒေသရှိ ဘုရားများတွင် တံတိုင်းများရှိပြီး ရေကို အပြင်မထုတ်ပဲ စုကန်လုပ်ကာ ရင်ပြင်တွင် ထားပြီး အာနန္ဒာဘုရားတွင် ရေဝပ်ခြင်းမှာ ရေစုကန်ကို ရေထည့်ကာ ငါးမွေးထားခြင်းဖြစ်ပြီး ရေမထည့်ရကြောင်း၊ ရေစုကန်အောက်က ကြမ်းပြင်ကို ယခင် စတည်ထားစဉ်က မြေသားအတိုင်း ထားသော်လည်း နောက်ပိုင်းတွင် ကွန်ကရစ်ခင်းလိုက်ခြင်းကြောင်း ၎င်းက ဆိုသည်။

“နောက်တစ်ခါ ရင်ပြင်တွေရဲ့ အုတ်ကွက်တွေပေါ့နော်။ ဟိုအရင်တုန်းကဆို ခင်းထားတဲ့ အုတ်ခွက်ပဲ ဖြစ်ဖြစ် သဲကျောက်သားခွက်ဖြစ်ဖြစ် ကြားထဲမှာ ကြားမစိပ်ဘူး။ မြေကြီးလေးတွေ ခံထားပြီး သဘာဝအတိုင်း မြက်ပေါက်နေတာ ရှိတယ်။ မြေအောက်ထဲ ရေရောက်တာပေါ့။ မြက်ပင်တွေ ပေါက်တာကို မရှင်းချင်တာနဲ့ တခါတည်း မြက်ပင်မပေါက်အောင် ကြားသိပ်တော့ ချွေးပေါက်ပိတ်သလိုဖြစ်ပြီး အပေါ်ကကျလာတဲ့ရေက သဘာဝအတိုင်း မြေအောက်ထဲ မဆင်းတော့ဘူး။ အဲ့ဒီရေတွေကလည်း ရေစုကန်ထဲ ဆင်းရမှာကို ရေစုကန်ထဲ ငါးမွေးထားတော့ ဆင်းမရတဲ့အခါ ရေစုပ်ရတဲ့ သဘောပါ” ဟု ဦးကျော်မျိုးဝင်းက ရှင်းပြသည်။

Leave a Reply

Your email address will not be published. Required fields are marked *