၄. ၁၂. ၂၀၂၅
Written by Nyein Kyaw
မြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့ နံနက်ပိုင်းတွင် မန္တလေးမြို့ မဟာမြတ်မုနိဘုရားကြီးသို့ သွားရောက်ဖူးမြော်ကြည်ညိုပြီး ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့် သာသနိကအဆောက်အဦများအား ရှေးမူမပြတ် ပြန်လည်တည်ဆောက် ပြုပြင်မွမ်းမံနေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။

ယာယီသမ္မတနှင့် ဇနီး ဒေါ်ကြူကြူလှ၊ အဖွဲ့ဝင်များသည် မဟာမြတ်မုနိဘုရားကြီးအား မြသပိတ်ဆွမ်းတော်၊ သစ်သီးဆွမ်းတော်နှင့် ပန်း၊ ရေချမ်း ကပ်လှူပူဇော်ကာ ဖူးမြော်ကြည်ညိုပြီးနောက် လက်ယာရစ် လှည့်လည်၍ ဘုရားကြီးရှိ သာသနိကအဆောက်အဦများတွင် ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက် စီးခဲ့ရမှုများအား ရှေးမူမပျက် ပြန်လည်ပြုပြင်တည်ဆောက်မွမ်းမံခြင်းလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့သည်။

ယာယီသမ္မတက အသစ်တည်ဆောက်ရသည့်လုပ်ငန်းများ ဆောင်ရွက်ရာတွင် ရေရှည်တည်တံ့ခိုင်မြဲရေးနှင့် စနစ်တကျဖြစ်စေရေး တွက်ချက်ဆောင်ရွက်သွားရန်နှင့် အခြားလိုအပ်သည်များ လမ်းညွှန်မှာကြားပြီးနောက် ယာယီသမ္မတနှင့် ဇနီးတို့က ဘုရားကြီးဘက်စုံပြုပြင်မွမ်းမံရန်အတွက် စုပေါင်းအလှူတော်ငွေများကို ပေးအပ်လှူဒါန်းရာ ဂေါပကအဖွဲ့မှတာဝန်ရှိသူများက လက်ခံရယူကြသည်။

ထို့နောက် ယာယီသမ္မတနှင့် ဇနီး၊ အဖွဲ့ဝင်များသည် ပြည်ပလှူဖွယ်ပစ္စည်းများပြခန်းနှင့် ချိတ်ဆွဲရတနာခန်းမသို့ ရောက်ရှိပြီး ငလျင်ဘေးဒဏ်ဖြစ်ပေါ်ချိန်တွင် ပြင်းထန်သော လှုပ်ခတ်မှုများကြောင့် မြေခခဲ့ရသည့် စိန်ဖူးတော်၊ ငှက်မြတ်နားတော်တို့၌ စေတနာရှင်အများပြည်သူများ လှူဒါန်းထားရှိသည့် ရတနာရွှေငွေကျောက်သံပတ္တမြားနှင့် စိန်ဖူးတော်များ၊ ငှက်မြတ်နားတော်၊ ရတနာရွှေအိုးနှင့် ဆည်းလည်းကိုးခိုင်၊ နတ်မင်းကြီးလေးပါး၊ ဇွန်းလေးဘုံ၊ ဆပ်သွားဖူးတော်၊ ထီးတော်ကြီးဘုံကိုးဆင့်တို့အား ထိန်းသိမ်းထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။

ယင်းနောက် ယာယီသမ္မတက ဘုရားစောင်းတန်းနေရာသို့ ရောက်ရှိပြီး ဘုရားစောင်းတန်းများသည် ဘုရားဖူးလာမိဘပြည်သူများ စိတ်အေးချမ်းသာစွာဖြင့် သွားလာနိုင်ရန် ဆောင်ရွက်ပေးထားခြင်းဖြစ်သဖြင့် စနစ်တကျဖြစ်ရန်လိုကြောင်း တာဝန်ရှိသူများကို လမ်းညွှန်မှာ ကြားခဲ့ပြီး ဘုရားဖူးလာရောက်ကြသည့် ဘုရားဖူးလာမိဘပြည်သူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြောင်း သိရသည်။

