၄. ၁၂. ၂၀၂၅
Written by Nyein Kyaw
မြန်မာနိုင်ငံတော်ဗဟိုဘဏ် (မန္တလေးဘဏ်ခွဲ) ရုံးအဆောက်အဦသစ်ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ရာ မြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ချီးမြှင့် ဖွင့်လှစ်ပေးသည်။
ယာယီသမ္မတက မြန်မာနိုင်ငံတော်ဗဟိုဘဏ် (မန္တလေးဘဏ်ခွဲ) အဆောက်အဦသစ်အား စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးပြီးနောက် အဆောက်အဦသစ် ကမ္ပည်းမော်ကွန်းအား အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းပေးခဲ့သည်။ ထို့နောက် ယာယီသမ္မတနှင့် အဖွဲ့ဝင်များသည် မြန်မာနိုင်ငံတော်ဗဟိုဘဏ် (မန္တလေးဘဏ်ခွဲ) အဆောက်အဦသစ်အတွင်း လှည့်လည်ကြည့်ရှုကြသည်။
ယင်းနောက် ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်က မြန်မာနိုင်ငံတော်ဗဟိုဘဏ် (မန္တလေးဘဏ်ခွဲ) အဆောက်အဦသစ်နှင့် သက်ဆိုင်သည့် လွှဲပြောင်းမှတ်တမ်းစာအုပ်ကို မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေထံသို့ လွှဲပြောင်းပေးအပ်သည်။








ထို့နောက် နိုင်ငံတော်ယာယီသမ္မတထံသို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌက မြန်မာနိုင်ငံတော်ဗဟိုဘဏ် (မန္တလေးဘဏ်ခွဲ) အဆောက်အဦသစ်ဖွင့်ပွဲအထိမ်းအမှတ် အမှတ်တရလက်ဆောင်ကို ဂါရဝပြုပေးအပ်ခဲ့ပြီးနောက် ယာယီသမ္မတက အဆောက်အဦသစ် တည်ဆောက်ခဲ့မှု မှတ်တမ်းဓာတ်ပုံများအား ကြည့်ရှုရာတာဝန်ရှိသူများက ရှင်းလင်းတင်ပြခဲ့သည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် ငွေရေးကြေးရေးကဏ္ဍ တည်ငြိမ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြောင်းလဲလာသည့် ခေတ်စနစ်များနှင့်အညီ ရည်မှန်းချက်၊ ရည်ရွယ်ချက်များကို ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး မြန်မာနိုင်ငံ၏ ပြည်နယ်နှင့်တိုင်းဒေသကြီးတို့တွင် ငွေရေးကြေးရေးကဏ္ဍကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် ပိုမိုထိရောက်စွာ ကြီးကြပ်ထိန်းကျောင်း ဆောင်ရွက်နိုင်ရေး ဆောင်ရွက်လျက်ရှိသည်။
ဒေသအသီးသီး၏ ဖွံ့ဖြိုးမှုတွင် ငွေရေးကြေးရေးကဏ္ဍဖွံ့ဖြိုးမှုကိုပါ တစ်ပါတည်း ဖော်ဆောင်နိုင်ရေးနှင့် နယ်စပ်ဒေသအပါအဝင် ဒေသအသီးသီးတွင် Financial Inclusion ကို ပိုမိုဖော်ဆောင်ရန်၊ ကြီးကြပ်ထိန်းကျောင်းမှုကို ပိုမိုထိရောက်စွာဆောင်ရွက်နိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ မြန်မာနိုင်ငံတော်ဗဟိုဘဏ် (မန္တလေးဘဏ်ခွဲ)ရုံးအဆောက်အဦသစ်ကို ယာယီသမ္မတ၏ လမ်းညွှန်မှာကြားချက်အရ နိုင်ငံ၏စီးပွားရေးအချက် အချာကျသည့် မန္တလေးမြို့တွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်က စတင်တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး နိုင်ငံတကာဗဟိုဘဏ်အဆင့်မီ အဆောက်အဦအင်္ဂါရပ်များနှင့်အညီ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ တာဝန်ယူ တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
