◾ ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ(ကျားဖြူပါတီ)မှ ရန်ကုန်တိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ်၊ အမှတ်(၃)၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း(PR) ဦးဇမ်ကျင်ပေါ်(ခ)ဇိုဇမ်းနှင့် လျှပ်တစ်ပြက် တွေ့ဆုံခဲ့ခြင်း။
ချင်းအမျိုးသား ဝါရင့်နိုင်ငံရေးသမားတစ်ဦးဖြစ်သူ ဦးဇမ်ကျင်ပေါ် (ခ)ဇိုဇမ်းသည် NCA (Witness) တစ်ဦးနှင့် UPDJC ၊ UPC (Delegate) တစ်ဦးလည်းဖြစ်ပြီး ၂၀၁၀ ရွေးကောက်ပွဲ၊ ၂၀၁၅ ရွေးကောက်ပွဲတို့တွင် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူဖြစ်ကာ ယခုအခါ ၎င်းနှင့် PR စနစ်ကို ရွေးချယ်ဖြစ်ပုံ၊ ရွေးကောက်ပွဲအပေါ် မျှော်လင့်ချက်၊ ငြိမ်းချမ်းရေးနှင့် မဲဆန္ဒရှင်ပြည်သူများထံ ပို့ချင်သည်သတင်းစကားများကို ဒီဇင်ဘာ ၄ ရက်က ပုစွန်တောင်မြို့နယ်၌ ကိုယ်စားလှယ်လောင်း အောင်နိုင်ရေးဆိုင်ဘုတ်ဖွင့်လှစ်ပွဲတွင် မေးမြန်းခဲ့သည်မှ ပြန်လည်ကောက်နုတ် ဖော်ပြအပ်ပါသည်။
၄.၁၂.၂၀၂၅
Interview by Nay Yaung Lin
MT News ◾ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းကို PR ကနေ ဆရာ ဝင်ရောက်ယှဉ်ပြိုင်ဖြစ်ပုံကို ပြောပြပေးပါခင်ဗျာ။
ဦးဇမ်ကျင်ပေါ်(ခ)ဇိုဇမ်း ◾ ကျွန်တော်အဓိက PR ကို စိတ်ဝင်စားသလဲဆိုရင် ဦးသိန်းစိန်လက်ထက်တုန်းက ပထမအကြိမ်လွှတ်တော်တုန်းက ကျွန်တော်ရယ်၊ ဒေါ်သန်းသန်းနုရယ်၊ ဒေါက်တာသန်းငြိမ်းရယ်၊ နောက်ပြီးတော့ ဦးလှစောရယ် ကျွန်တော်တို့ရယ်၊ နောက်တော့ တစညက အဘတစ်ဦးရယ်ပေါ့။ ဩစတေးလျကို လွှတ်လိုက်တယ်။ PR System ကို သုံးပတ်လေ့လာခဲ့ပါတယ်။ ဩစတေးလျက National University မှာ သုံးပတ်လေ့လာပါတယ်။ နိုင်ငံရေးပါတီ သုံးပါတီကနေ လေ့လာတာပါ။ အဲဒီကနေ ပြန်ရောက်လာတော့ ကျွန်တော်က ပြည်သူ့ခေတ်ထဲမှာ ဆောင်းပါးအရှည်ကြီးတစ်ပုဒ်ရေးတယ်။ “ PR ဆိုသည် “ ဆိုပြီး ကျွန်တော်ရေးလိုက်တယ်။ အဲဒီကနေစပြီး NDF မှာ ညီနောင်တိုင်းရင်းသားပါတီဖယ်ဒရေးရှင်းမှာ ကျွန်တော်က ပြောရေးဆိုခွင့်ရှိသူပေါ့။ ၂၃ ပါတီ ပေါင်းထားတဲ့ ညီနောင်ပါတီ Brotherhood ပါတီ။ သူရဦးရွှေမန်း ဥက္ကဋ္ဌလုပ်တဲ့ လွှတ်တော်မှာ ကျွန်တော်တို့က ဒီဟာလေးကို PR System ကိုလုပ်ပေးဖို့ လွှတ်တော်ထဲမှာ အဆိုပြုခဲ့တယ်။ အစပိုင်းက တော်တော်အောင်မြင်ခဲ့တယ်။ နောက်ပိုင်းကျ အဖျားရှုးသွားတယ်။ လွှတ်တော်ကိုယ်စားလှယ်တော်တော်များများက PR အကြောင်းမသိဘူး။ မသိတော့ စိုးရိမ်ပြီး အဲဒီကာလမှာကတည်းက ကျွန်တော်ဖော်ဆောင်ချင်တဲ့ ကိစ္စဖြစ်တယ်။ ဒီတစ်ကြိမ်မှာ ဒီရွေးကောက်ပွဲမှာ PR System ကိုသုံးကြည့်မယ်ပြောတော့ ကျွန်တော်တအား စိတ်ဝင်စားသွားတယ်။ ဒါပေမဲ့ ကျွန်တော့်အခြေအနေအရ PR System ကိုသုံးဖို့ဆိုတာ ပြည်ထောင်စုအဆင့်မှာပဲ လာရောက်အရွေးခံမှာပဲ ကျွန်တော့်အတွက် ပတ်သက်လို့ရမှာလေ။ အဲဒါကြောင့် ကျွန်တော်တို့ ချင်းပါတီရယ်၊ ကျားဖြူ ရှမ်းပါတီရယ်က အရင်တုန်းက ကိုယ့်ပြည်နယ်အဆင့်မှာပဲ အစိုးရဖွဲ့ဖို့ ကြိုးစားခဲ့တာ။ အခုဒီတစ်ကြိမ်မှာတော့ ကျွန်တော်နဲ့ ညီနောင်ပါတီ ကျားဖြူက ဒီပြည်ထောင်စုအဆင့်မှာ ချပြချင်တာ။ စမ်းသပ်ပြီးတော့ အသုံးခံချင်တာ အဲဒါကြောင့် PR မှာ အရွေးခံတာဖြစ်တယ်။

MT News ◾ ၂၀၂၅ အထွေထွေရွေးကောက်ပွဲအပေါ်မှာ ဆရာ့အနေနဲ့ ဘယ်လောက်ထိ မျှော်လင့်ထားပါသလဲ။
ဦးဇမ်ကျင်ပေါ်(ခ)ဇိုဇမ်း ◾ ကျွန်တော်မျှော်လင့်ပါတယ်။ ကျွန်တော်ကိုယ်တိုင် မရတောင်မှလေ PR တော်တော်အောင်မြင်လိမ့်မယ်လို့ ယူဆတယ်။ အောင်မြင်အောင်လည်း UEC အနေနဲ့ လုပ်ပေးလိမ့်မယ်လို့ ကျွန်တော်ယုံကြည်တယ်။ အဓိက ကတော့ UEC အပေါ်မှာ အများကြီးမူတည်တာကိုး။ မဲပေးတဲ့ ပရိသတ်ကတော့ ပေးမှာပဲလေ။ PR စနစ်က လူ။ ရုပ်ကို မဖော်ပြရဘူး။ နောက်နာမည်လည်းပါလာမှာ မဟုတ်ဘူး။ အဓိက က ပါတီရဲ့ဝှက်ဖဲ၊ ပါတီတစ်ခုမှာ အဓိက ဂျိုကာပေါ့နော်။ ဘာကြောင့်လဲဆိုရင် PR မှာ အရွေးခံတဲ့ ပုဂ္ဂိုလ်တွေက လွှတ်တော်တိုင်းမှာ တကယ့်ကို ပါတီအတွက် ထဲထဲဝင်ဝင်ကို ပြောရဲဆိုခွင့်ရှိသူလည်းဖြစ်နိုင်တယ်။ ပြောနိုင်ဆိုနိုင်တဲ့သူဖြစ်ဖို့လည်းလိုတယ်။ ပြောရဲဆိုရဲရှိဖို့လည်း လိုတယ်။ ဆိုတော့ ပါတီအတွက် အဓိကလုပ်ပေးနေတာဖြစ်တယ်။ ကျွန်တော့်ကိုယ်ပိုင်အတွက် မဟုတ်ဘူး။ ကျွန်တော့်ရဲ့ လူမျိုးစုအတွက် မဟုတ်ဘူး။ ကျွန်တော့်ရဲ့ နိုင်ငံသားတိုင်းရဲ့ အခွင့်အရေးတွေ လွှတ်တော်ထဲရောက်ရင် ကာကွယ်ပေးမယ်။ ကျွန်တော်အဆိုပြုပေးမယ်။
MT News◾ ကျားဖြူပါတီရဲ့ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး အဓိကထား စည်းရုံးတာလေးကိုလည်း သိပါရစေ။
ဦးဇမ်ကျင်ပေါ်(ခ)ဇိုဇမ်း ◾ ငြိမ်းချမ်းရေးရပြီးမှ အလုပ်တွေက ဆက်လုပ်လို့ရမယ်။ အဲဒါကြောင့် ငြိမ်းချမ်းရေးက အရေးကြီးတယ်။ ငြိမ်းချမ်းရေး မလိုလားတဲ့သူလည်း မရှိပါဘူး။ ကျွန်တော်ပြောရဲတယ်။ ကျွန်တော့်ရဲ့ ညီအစ်ကိုမောင်နှမတွေ လက်နက်ကိုင်ပြီးတော့ သူ့တို့ရဲ့ Right တွေ၊ အခွင့်အရေး တောင်းဆိုနေတာလည်း အများကြီးပါ။ သူတို့တွေလည်းပဲ ကျွန်တော့်ရဲ့ ငြိမ်းချမ်းရေးအယူအဆလေးကို လက်ခံလိမ့်မယ်လို့ ကျွန်တော်ယူဆတယ်။ လက်နက်ကိုင်ပြီးတော့ ကျွန်တော်တို့အချင်းချင်း ဒီလို ကိုယ့်ရဲ့ယုံကြည်ချက်၊ မျှော်လင့်ချက်တွေအတွက် ဒီလိုတိုက်ပွဲဝင်ခဲ့တာတွေ တော်တော်လေးကို ပင်ပန်းလှပါပြီ။ ဆိုတော့ နည်းနည်းပါးပါးအညောင်းလေး ဘာလေးဖြေပြီးတော့ စားပွဲ၀ိုင်းလေးကို စပြီးတော့ ထိုင်ကြပါစို့လို့ ကျွန်တော်ဖိတ်ခေါ်ချင်တယ်။
MT News ◾ ဆန္ဒမဲပေးကြမဲ့ မဲဆန္ဒရှင်ပြည်သူတွေကိုရော ဘာများပြောချင်ပါသလဲခင်ဗျာ။
ဦးဇမ်ကျင်ပေါ်(ခ)ဇိုဇမ်း ◾ မဲပေးမဲ့ ဆန္ဒရှင်ပြည်သူတွေကတော့ ကျွန်တော်တို့ အခုကြုံတွေ့နေတဲ့ လူမှုစီးပွားရေး အခြေအနေပေါ့ဗျာ။ ဒါကတော့ လူတိုင်းသိပါတယ်နော်။ ကျွန်တော်မပြောချင်တော့ပါဘူး။ ဒါပေမဲ့ ကျွန်တော့်ထက်ပိုပြီးခံစားရတဲ့ သူအများကြီးပါ။ ဒီအချိန်မှာ ကျွန်တော်တို့ပြည်သူတွေအားလုံးပေါ့ဗျာ။ ပြည်သူတွေရော နိုင်ငံသားရောအာလုံးပေါ့ဗျာ။ နိုင်ငံခြားကတော့ ကျွန်တော်မပြောချင်ဘူး။ နိုင်ငံခြားရောက်နေပြီး ကျွန်တော်တို့ပြည်တွင်းရေးတွေကို လျှောက်ပြီးပြောနေတဲ့ ကျွန်တော်တို့ညီအစ်ကိုတွေလည်း သူတို့ကို ပြောတာမဟုတ်ဘူး။ သူတို့နားပိတ်ထားဖို့ကောင်းတယ်။ ကျွန်တော့်ပြောစကားကြားဖို့မလိုပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ပြည်သူတွေ နိုင်ငံသားအားလုံးကိုပြောချင်တာက ဒီလိုလူမှုစီးပွားရေးအခြေအနေ၊ တင်းကျပ်နေတဲ့အခြေအနေတွေက လွတ်မြောက်ဖို့ဆိုတာက ရွေးကောက်ပွဲတစ်မျိုးပဲရှိတယ်။ ရွေးကောက်ပွဲမလုပ်ဘဲနဲ့ ဒီလွတ်မြောက်မှုရမှာမဟုတ်ဘူး။ Something Change တော့ ကျွန်တော်တို့က လိုချင်တယ်။ ကောင်းတဲ့ Change တော့ ဖြစ်ပါစေလို့ ကျွန်တော်ဆုတောင်းပါတယ်။ ပြည်သူအတွက်လည်း အပြောင်းအလဲတစ်ခု ကျွန်တော်လုပ်ပေးချင်ပါတယ်။ အပြောင်းအလဲလေးတစ်ခု ရစေချင်ပါတယ်။
MT News ◾ ဆရာ့ကို မဲပေးမဲ့သူတွေကိုလည်း ဘယ်လိုမျိုးမဲပေးရမလဲဆိုတာကို Voter Education အနေနဲ့ ရှင်းပြပေးပါ။
ဦးဇမ်ကျင်ပေါ်(ခ)ဇိုဇမ်း ◾ အဲဒါကတော့ ကျွန်တော့်ကို မဲပေးချင်ရင်တော့ ကျားဖြူကို ပေးမှရမှာ။ ကျွန်တော် လူနာမည်နဲ့ခံပြီးတော့ မဲမဆွယ်ချင်တော့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်ရွေးကောက်ပွဲတိုင်းမှာ လူနာမည်နဲ့ ခံပြီးတော့ မဲပေးပါတယ်။ ဒါပေမဲ့ လူနာမည်နဲ့မဲပေးခံတာက ကျွန်တော့်အမြင်ပေါ့ဗျာ တကိုယ်ကောင်းဆန်တယ်လို့ မြင်ပါတယ်။ ကျွန်တော့်ပါတီကိုပဲ ပေးကြပါ။ ပါတီမှာ လူကိုကြည့်ပြီး မဲပေးတယ်ဆိုတာကလည်း တကယ်တော့လည်း ဟုတ်မလိုလိုနဲ့ ကျွန်တော့်ရဲ့အချစ်ဆုံး၊ အခင်ဆုံးလူတွေကလည်း ကျွန်တော့်ကိုကြည့်ပြီးတော့ ကျွန်တော့်ကို မဲမပေးကြတာအများကြီးပါ။ ပါတီကိုတော့ သေချာကြည့်ပါ။ ပါတီရဲ့ ပေါ်လစီကို သေချာကြည့်ပါ။ ပါတီရဲ့ ပေါ်လစီတိုင်း တကယ်လုပ်နိုင်တဲ့ပါတီ ဟုတ်မဟုတ် အဲဒါကိုကြည့်ပြီးတော့ မဲပေးကြပါ။ လူကိုကြည့်ပြီးတော့ မဲပေးတာ သင်ခန်းစာယူဖို့ကောင်းလှပါပြီ။
MT News ◾ ကျေးဇူးတင်ပါတယ် ခင်ဗျာ။
