၄.၁၂.၂၀၂၅.
Translated by Htwe Ko Tun
အာရှတိုက်နိုင်ငံလေးနိုင်ငံတွင် ရေကြီးရေလျှံမှုများကြောင့် လူပေါင်း ၁၅၀၀ ကျော် သေဆုံးခဲ့ပြီးနောက် ဒီဇင်ဘာ ၄ ရက်တွင် မိုးရွာသွန်းမှုများ ထပ်မံဖြစ်ပေါ်လာမည်ဟု ရာသီဥတုခန့်မှန်းချက်များကြောင့် ရေကြီးရေလျှံမှုဒဏ်ဆိုးရွားစွာခံခဲ့ရသော အင်ဒိုနီးရှားနိုင်ငံနှင့် သီရိလင်္ကာနိုင်ငံတို့တွင် ပျက်စီးဆုံးရှုံးမှုများ ပိုမိုများပြားလာမည်ကို စိုးရိမ်မှုများ မြင့်တက်လာခဲ့ကြကြောင်းသိရသည်။
အင်ဒိုနီးရှားတွင် မိုးလေဝသအေဂျင်စီက ဆူမားတြားကျွန်းပေါ်ရှိ ရေလွှမ်းမိုးမှုအဆိုးရွားဆုံး ခံခဲ့ရသော ပြည်နယ်သုံးခုတွင် ဒီဇင်ဘာ ၄ ရက်နှင့် ၅ ရက်တို့၌ မိုးအသင့်အတင့်မှ သည်းထန်စွာရွာသွန်းမှုများ ကြုံတွေ့ရမည်ဟု သတိပေးခဲ့သည်။
အင်ဒိုနီးရှားနိုင်ငံ၌ မိုးရွာသွန်းမှုသည် ဒီဇင်ဘာလ ၃ ရက်ညကပင် စတင်၍ ညလုံးပေါက်ရွာသွန်းခဲ့သော်လည်း ပြီးခဲ့သည့်အပတ်က ရေကြီးရေလျှံမှုနှင့် မြေပြိုမှုများ ဖြစ်ပွားစေခဲ့သည့် မိုးလောက် ပြင်းထန်မှု မရောက်ရှိသေးဟု သိရသည်။
အင်ဒိုနီးရှားနိုင်ငံတွင် ပြီးခဲ့သည့်အပတ်က ရေကြီးရေလျှံမှုနှင့် မြေပြိုမှုများ သေဆုံးသူဦးရေမှာ ဒီဇင်ဘာ ၄ ရက်အထိ ၇၇၆ ဦးရှိပြီး လူ ၅၆၀ ကျော် ပျောက်ဆုံးနေဆဲဖြစ်ကာ ဆက်သွယ်ရေးနှင့် လျှပ်စစ်မီး ပြတ်တောက်မှုကြောင့် ပျောက်ဆုံးနေသူများ၏ တည်နေရာကို အတည်ပြုရန် ခက်ခဲနေသည်။



ပြီးခဲ့သည့်အပတ်က သီရိလင်္ကာနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ ဆူမားတြားကျွန်း၊ ထိုင်းနိုင်ငံတောင်ပိုင်းနှင့် မလေးရှားမြောက်ပိုင်းတို့တွင် မိုးသည်းထန်စွာ ရွာသွန်း၍ ရေလွှမ်းမိုးမှုများတွင် လူမျာစွာသေဆုံးခဲ့ရခြင်းဖြစ်သည်။
သီရိလင်္ကာနိုင်ငံတွင် မိုးလေဝသခန့်မှန်းသူများက အရှေ့မြောက်မုတ်သုံလေသည် ဒီဇင်ဘာလ ၄ ရက် မွန်းလွဲပိုင်းတွင် စတင်ရောက်ရှိလာမည်ဟု ခန့်မှန်းထားကြသည်။
သီရိလင်္ကာတွင် ပြီးခဲ့သည့်အပတ်က နိူင်ငံတစ်ဝန်းဖြစ်ပွားခဲ့သော ရေလွှမ်းမိုးမှုများနှင့် မြေပြိုမှုများ၌ အနည်းဆုံး လူ ၄၇၉ ဦး သေဆုံးပြီး ရာပေါင်းများစွာ ပျောက်ဆုံးနေဆဲဖြစ်ကာ သမ္မတက နိုင်ငံတကာ၏ အကူအညီကို တောင်းခံထားသည်။
အာဏာပိုင်များက အိမ်များ၊ စက်မှုလုပ်ငန်းများနှင့် လမ်းများ ပြန်လည်တည်ဆောက်ရန်အတွက် အမေရိကန်ဒေါ်လာ ၇ ဘီလျံအထိ လိုအပ်မည်ဟု ခန့်မှန်းထားပြီး သုံးနှစ်တာ အဆိုးရွားဆုံး စီးပွားရေး အကျပ်အတည်းမှ ပြန်လည်နာလန်ထူစ နိုင်ငံအတွက် ခက်ခဲသော အခြေအနေဖြစ်ခဲ့ရကြောင်း သိရသည်။
Ref- CNA
