၄. ၁၂. ၂၀၂၅
Translated by Thettant
ထိုင်းနိုင်ငံ၊ ချွန်ဘူရီပြည်နယ်၊ ပတ္တရားမြို့အနီး ဘန်လာ့မန်မြို့နယ်တွင် ဖြစ်ပွားခဲ့သော ဘေးတွဲဆိုင်ကယ်နှင့် ကားတို့ တိုက်မိသည့် ကြေကွဲဖွယ် လမ်းမတော်တဆမှုတစ်ခုသည် မြန်မာအလုပ်သမားနှစ်ဦး၏ အသက်ကို နုတ်ယူသွားခဲ့သည်။
အဆိုပါ ယာဉ်တိုက်မှုသည် ထွန်ခါးလမ်းပေါ်တွင် ဒီဇင်ဘာ ၃ ရက် ညနေ ၆ နာရီခွဲခန့်က ဖြစ်ပွားခဲ့ပြီး Sawang Boriboon အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့များ အခင်းဖြစ်ပွားရာနေရာသို့ အလျင်အမြန် သွားရောက်ခဲ့ကြသည်။
မျက်မြင်သက်သေများ၏ အဆိုအရ KHO 3173 Rayong လိုင်စင်နံပါတ်ပါသော ကြေးနီရောင် MG ကားသည် ရှေ့ပိုင်းတွင် ပြင်းထန်စွာ ပျက်စီးနေသည်ကို တွေ့ရပြီး၊ KHP 688 Rayong လိုင်စင်နံပါတ်ပါသော အနက်ရောင် ဟွန်ဒါဘေးတွဲဆိုင်ကယ်မှာ ကား၏ရှေ့ဖုံးပေါ်တွင် ရစရာမရှိအောင် ပျက်စီးနေခဲ့သည်။

ပထမဆုံး သေဆုံးသူမှာ အသက် ၄၁ နှစ်အရွယ် ကိုသက်စိုးဦး ဖြစ်ပြီး ဦးခေါင်းခွံကွဲအက်ကာ လည်ပင်းကျိုးခြင်းဒဏ်ရာများ ရရှိခဲ့သောကြောင့် အခင်းဖြစ်နေရာတွင်ပင် ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း ကြေညာခဲ့သည်။ ဒုတိယမြောက် သေဆုံးသူမှာ အသက် ၄၀ ခန့်ရှိသူဖြစ်ပြီး ပြင်းထန်စွာ ဒဏ်ရာရရှိ၍ Wat Yannasangwararam ဆေးရုံသို့ ပို့ဆောင်ခဲ့သော်လည်း နောက်ပိုင်းတွင် ဒဏ်ရာများဖြင့် ဆုံးပါးသွားခဲ့သည်။
ကားမောင်းသူ အသက် ၃၀ အရွယ် Siripong Kongthong က ၎င်း၏မိသားစုနှင့်အတူ အိမ်ပြန်လာစဉ် ဘေးတွဲဆိုင်ကယ်သည် ရုတ်တရက် လမ်းဖြတ်ကူးလာသဖြင့် အချိန်မီ ဘရိတ်အုပ်ရန် မတတ်နိုင်တော့ကြောင်း ပြောကြားခဲ့သည်။ အာဏာပိုင်များသည် အဖြစ်အပျက်ကို စုံစမ်းစစ်ဆေးရန် မျက်မြင်သက်သေများ၏ ထွက်ဆိုချက်များနှင့် CCTV မှတ်တမ်းများကို ပြန်လည်စစ်ဆေးခဲ့ပြီး ဥပဒေအရ ဆက်လက်ဆောင်ရွက်ရန်အတွက် ကားမောင်းသူကို ထပ်မံ စစ်ဆေးမေးမြန်းရန် စီစဉ်ထားကြောင်း သိရသည်။
Ref : Pattaya Mail
