◾️ နေပြည်တော်တွင် တည်ဆောက်မည့် သဘာဝမြေဩဇာစက်ရုံအတွက် လိုအပ်သည့်စက်ပစ္စည်းများ တင်သွင်းနိုင်ရေးပါ ဆွေးနွေး
၅. ၁၂. ၂၀၂၅
Written by Nyein Kyaw
ကုန်သွယ်မှုပမာဏ ပိုမိုမြင့်တက်လာစေရန်အတွက် လယ်ယာနှင့်ရေထွက်ကုန်ပစ္စည်း အပါအဝင် အဓိကပို့ကုန်များကို ရုရှားသို့ တင်ပို့နိုင်ရေးနှင့် ရုရှားနိုင်ငံထုတ် ဓာတ်မြေဩဇာများ မြန်မာနိုင်ငံသို့ တင်သွင်းနိုင်ရေး မြန်မာ-ရုရှားနှစ်နိုင်ငံ တာဝန်ရှိသူများ ဆွေးနွေးခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးချစ်ဆွေသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ခရက်စ်နောဂေါ့စ်ခ်မြို့အခြေစိုက် မော်စကိုခရိုင်ဆိုင်ရာ မြန်မာဂုဏ်ထူးဆောင်ကောင်စစ်ဝန်နှင့် ရော့စ်ကွန်ဂရက်ဖောင်ဒေးရှင်း၏ ကြီးကြပ်ရေးဘုတ်အဖွဲ့ဝင်၊ ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖွဲ့ (Fund RC-Investment) ၏ အရှေ့တောင်အာရှစီမံကိန်းများ ညှိနှိုင်းရေးမှူး မစ္စတာ ဆာဂေးရှတီရော့ဗ် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယမန်နေ့တွင် လက်ခံတွေ့ဆုံခဲ့သည်။
ယင်းကဲ့သို့ တွေ့ဆုံစဉ် နှစ်နိုင်ငံကုန်သွယ်မှုပမာဏ ပိုမိုမြင့်တက်လာစေရန်အတွက် မြန်မာနိုင်ငံမှ လယ်ယာထွက်ကုန်နှင့် ရေထွက်ကုန်ပစ္စည်းများအပါအဝင် အဓိကပို့ကုန်များကို ရုရှားနိုင်ငံ၌ ဈေးကွက်ပိုမိုရရှိနိုင်ရေး၊ ရုရှားနိုင်ငံထုတ် ဓာတ်မြေဩဇာများ မြန်မာနိုင်ငံသို့ တင်ပို့နိုင်ရေး ဆွေးနွေးခဲ့သည်။
ထို့ပြင် နှစ်နိုင်ငံအကြား ကုန်စည်ပြပွဲများကျင်းပကာ စီးပွားရေးလုပ်ငန်းရှင်အချင်းချင်း ရင်းနှီးမှုရှိစေရေးနှင့် ကုန်ပစ္စည်းများ ပါဝင်ပြသနိုင်ရေးအတွက် အပြန်အလှန်ဖိတ်ကြားသွားနိုင်ရေး၊ နှစ်နိုင်ငံကုန်သွယ်မှုစင်တာများ အပြန်အလှန်ဖွင့်လှစ်နိုင်ရေးတို့အတွက် ဆွေးနွေးခဲ့ကြောင်း သိရသည်။
ထို့အပြင် နေပြည်တော်ကောင်စီနယ်မြေတွင် တည်ဆောက်မည့် သဘာဝမြေဩဇာစက်ရုံအတွက် လိုအပ်သည့်စက်ပစ္စည်းများ တင်သွင်းနိုင်ရေးနှင့် စီးပွားရေးနှင့် ကုန်သွယ်ရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်နိုင်ရေးတို့အတွက်လည်း ဆွေးနွေးခဲ့သည်။
