သတိုး
၅. ၁၂. ၂၀၂၅
အမေရိကန်နိုင်ငံသားဖြစ်မှုနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ဆောင်မှုဌာန (USCIS) က ဒီဇင်ဘာ ၄ ရက်နေ့တွင် မူဝါဒလက်စွဲကို နောက်ဆုံးပြင်ဆင်မှုလုပ်ခဲ့ကြောင်း ကြေညာခဲ့ရာတွင် နိုင်ငံသားမဖြစ်သေးသူများအတွက် အလုပ်လုပ်ခွင့်မှတ်တမ်း (EADs) သက်တမ်းကို ပိုမိုမကြာခဏ စစ်ဆေးမှုများ ပြုလုပ်ရန်နှင့် အမျိုးသားလုံခြုံရေး စိစစ်မှုများအတွက် လိုအပ်ချက်အရ ခိုလှုံခွင့်ဆိုင်ရာ လူဝင်မှုကြီးကြပ်ရေး ခွင့်ပြုချက် အမျိုးအစားများစွာအတွက် အလုပ်လုပ်ခွင့်သက်တမ်းကို လျှော့ချလိုက်ကြောင်း သိရသည်။
ပြန်လည်ပြင်ဆင်ထားသော မူဝါဒအရ၊ မူလနှင့် သက်တမ်းတိုး အလုပ်လုပ်ခွင့်ပါမစ်များအတွက် အများဆုံးသက်တမ်းကို ငါးနှစ်မှ ၁၈ လသို့ လျှော့ချလိုက်ခြင်းဖြစ်ပြီး အဓိက သက်ဆိုင်သူများမှာ အမေရိကန်ပြည်ထောင်စုသို့ ခိုလှုံခွင့်ရရှိသူများ (Refugees)၊ ခိုလှုံခွင့်လျှောက်ထားဆဲနှင့် ခိုလှုံခွင့် ရရှိထားသူများ (Asylum & Asylees)၊ နှင်ထုတ်ခြင်း သို့မဟုတ် ဖယ်ရှားခြင်းမှ ဆိုင်းငံ့ခံထားရသူများ၊ခိုလှုံခွင့် သို့မဟုတ် ဖယ်ရှားခြင်း ဆိုင်းငံ့ခြင်း လျှောက်လွှာများ စောင့်ဆိုင်းနေသူများ၊လူဝင်မှုကြီးကြပ်ရေးနှင့် နိုင်ငံသားပြုမှု ဥပဒေ ပုဒ်မ ၂၄၅ အရ အဆင့်အတန်း ညှိနှိုင်းလျှောက်ထားသူများ (Green Card လျှောက်ထားသူများ) ပါဝင်သည်။
အဆိုပါ မူဝါဒအသစ်သည် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၅ ရက်နေ့ သို့မဟုတ် ဒီဇင်ဘာ ၅ ရက်နေ့နောက်ပိုင်း တင်သွင်းထားသော သို့မဟုတ် စောင့်ဆိုင်းနေဆဲ အလုပ်လုပ်ခွင့် လျှောက်လွှာများအားလုံးနှင့် သက်ဆိုင်သည်ဟု သိရသည်။ ထိုသို့ကန့်သတ်မှုများအပြင် TPS သမားများအတွက်မူ အလုပ်လုပ်ခွင့် EAD သည် တစ်နှစ် သို့မဟုတ် TPS မှ ကျန်ရှိသော ကာလအနက် ပိုမိုတိုတောင်းသော ကာလကိုသာ ခွင့်ပြုတော့မည်ဖြစ်သည်။
ယခုဆုံးဖြတ်ချက်အသစ်သည် ယခင် ဘိုင်ဒန်အစိုးရလက်ထက်တွင် ရွှေ့ပြောင်းနေထိုင်သူများ၏ လုပ်ငန်းဝန်ပိမှုနှင့် စောင့်ဆိုင်းနေမှုများကို လျှော့ချရန် ရည်ရွယ်၍ သတ်မှတ်ခဲ့သော ၅ နှစ် သက်တမ်းကို ပြောင်းပြန်လှန်လိုက်ခြင်း ဖြစ်သည်။ သက်တမ်းတိုးခြင်း လုပ်ငန်းစဉ်သည် အချိန်ကြာမြင့်နေသည့်အတွက် ယခုလို သက်တမ်းတိုသွားခြင်းကြောင့် လျှောက်ထားသူများသည် သက်တမ်းတိုး လျှောက်လွှာများကို ပိုမို၍ပင် မကြာခဏ တင်သွင်းရန် လိုအပ်လာမည်ဖြစ်သည်။ ၎င်းသည် USCIS နှင့် လျှောက်ထားသူနှစ်ဦးစလုံးအတွက် စာရွက်စာတမ်းလုပ်ငန်းများ ပိုမိုများပြားစေပြီး လက်ရှိရှိနေသည့် အမှုများကျန်ရှိနေမှု (Backlog) နှင့် နှောင့်နှေးမှုများကို ပိုမိုဆိုးရွားစေနိုင်သည်။
ထိုသို့ ပိုမိုဆိုးရွားစေခြင်းကို အလိုအလျောက် EAD သက်တမ်းတိုးမှု ဖယ်ရှားလိုက်ခြင်းနှင့် ပေါင်းစပ်လိုက်သောအခါ၊ လျှောက်ထားသူအများအပြားသည် ၎င်းတို့၏ ကတ်အသစ်များ လုပ်ဆောင်နေစဉ်အတွင်း အလုပ်လုပ်နိုင်စွမ်းကို ယာယီ ဆုံးရှုံးသွားနိုင်သလို အမျိုးသားလုံခြုံရေး စိစစ်ခြင်း (National Security Vetting) ကို ပိုမိုအာရုံစိုက်နေသည့် Trump အစိုးရ၏ မူဝါဒကို ဤပြောင်းလဲမှုက ထင်ဟပ်စေသည်။
EAD သက်တမ်းကို လျှော့ချခြင်းသည် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၄ ရက်နေ့တွင် သမ္မတထရမ့်ပ် လက်မှတ်ရေးထိုးခဲ့သော H.R. 1, the One Big Beautiful Bill Act ဥပဒေအရ လိုအပ်ချက်များကို အကောင်အထည်ဖော်ခြင်းလည်းဖြစ်ပြီး ဥပဒေပါ အချို့သော ကဏ္ဍများအတွက် EAD သက်တမ်းကို ကန့်သတ်ရန် လိုအပ်သည်။ ထို့အပြင် ထိုသို့ လျှော့ချလိုက်ခြင်းအားဖြင့် EAD ကို ကိုင်ဆောင်ကာ အလုပ်လုပ်ခွင့်ရရှိထားသူများသည် အများပြည်သူဘေးအန္တရာယ်ကို ခြိမ်းခြောက်ခြင်း သို့မဟုတ် အမေရိကန်ဆန့်ကျင်ရေး အန္တရာယ်ရှိသော အတွေးအခေါ်များကို မြှင့်တင်ခြင်းမရှိစေရန် သေချာစေမည်ဟု USCIS ဒါရိုက်တာ Joseph Edlow က ပြောကြားခဲ့သလို အလုပ်လုပ်ခွင့်ကာလ တိုတောင်းခြင်းသည် လိမ်လည်မှုများကို တားဆီးရန်နှင့် အန္တရာယ်ဖြစ်စေနိုင်သည့် ရည်ရွယ်ချက်ရှိသော နိုင်ငံခြားသားများကို ဖော်ထုတ်ရန် ကူညီပေးလိမ့်မည်ဟု USCIS က ပြောကြားခဲ့သည်။ ယင်းအပြင် ယခင် ဘိုင်ဒန်အစိုးရလက်ထက်က နိုင်ငံတွင်းသို့ ဝင်ခွင့်ရခဲ့သော အာဖဂန်နစ္စတန်နိုင်ငံသားတစ်ဦးက အမျိုးသားအစောင့်တပ်ဖွဲ့ဝင်များကို တိုက်ခိုက်ခဲ့၍ တစ်ဦးသေဆုံးခဲ့ရသည့် ဖြစ်ရပ်တစ်ခုကို ကိုးကား၍ USCIS သည် နိုင်ငံခြားသားများကို မကြာခဏ စစ်ဆေးမှု ပြုလုပ်သင့်သည်ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။
အမေရိကန်နိုင်ငံသည် မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲကျင်းပမှုအပါအဝင် နိုင်ငံရေးတိုးတက်မှုများကြောင့် အမေရိကန်ရောက် မြန်မာနိုင်ငံသားများကို နေထိုင်ခွင့်ပြုသည့် ယာယီ ကာကွယ်ပေးထားသည့် အဆင့်အတန်း (TPS) သတ်မှတ်ချက်ကို နိုဝင်ဘာ ၂၅ ရက်တွင် ရပ်စဲလိုက်သလို မြန်မာနိုင်ငံအပါအဝင် နိုင်ငံ ၁၉ နိုင်ငံမှ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ကိစ္စရပ်အားလုံးကို ရပ်ဆိုင်းလိုက်သည့်အပြင် ထိုသို့ရပ်ဆိုင်းမှုတွင် အမြဲတမ်းနေထိုင်ခွင့် Green Card နှင့် နိုင်ငံသားဖြစ်ခွင့်ပါ ရပ်ဆိုင်းလိုက်ကြောင်း ဒီဇင်ဘာ ၂ ရက်တွင် ကြေညာခဲ့သည်။
Ref: American Bazzar
