၅.၁၂.၂၀၂၅
Translated by Htwe Ko Tun
အိန္ဒိယနိုင်ငံကို ချစ်ကြည်ရေးအလည်အပတ်ရောက်ရှိနေတဲ့ ရုရှားနိုင်ငံသမ္မတ ဗလာဒီမာပူတင်က နိုင်ငံတစ်နိုင်ငံရဲ့ လုံခြုံရေးက တခြားနိုင်ငံတွေရဲ့ လုံခြုံရေးကို ထိခိုက်စေပြီးမှ အာမခံမှုမပြုနိုင်ဘူးဆိုတာ ယေဘုယျသဘောတူညီချက်တွေ ရှိတယ်လို့ ပြန်လည်ပြောကြားခဲ့ပါတယ်။
သမ္မတ ဗလာဒီမာပူတင်က India Today ရုပ်မြင်သံကြားဌာနနဲ့ တွေ့ဆုံမေးမြန်းမှုတစ်ရပ်ပြုခဲ့တာမှာ ရုရှားအစိုးရဟာ ယူကရိန်းနိုင်ငံရဲ့ မိမိနိုင်ငံလုံခြုံရေးအတွက် ဂရုစိုက်ဆောင်ရွက်မှုကို ငြင်းဆို ဆန့်ကျင်မှာမဟုတ်ပေမယ့် ဒီလိုဆောင်ရွက်မှုက ရုရှားနိုင်ငံရဲ့ လုံခြုံရေးကို ထိခိုက်လို့ရမှာ မဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။
သမ္မတ ပူတင်က “ယူကရိန်းအပါအဝင် နိုင်ငံတိုင်းဟာ ကိုယ့်နိုင်ငံကိုယ်ကာကွယ်ဖို့နဲ့ ကိုယ့်နိုင်ငံရဲ့ ကိုယ်ပိုင်လုံခြုံရေးကို အာမခံနိုင်ဖို့ နည်းလမ်းတွေကို ရွေးချယ်ပိုင်ခွင့်ရှိပါတယ်။ ဒီအချက်ကို မှန်ပါသလား မေးရင် လုံးဝမှန်ပါတယ်။ ရုရှားအနေနဲ့ ယူကရိန်းမှာလည်း ဒီလိုအခွင့်အရေးရှိတာကို ငြင်းဆိုနေတာမဟုတ်ပါဘူး။ ဒါပေမယ့် ဒီလိုအခွင့်အရေးအရ ဆောင်ရွက်မှုက ရုရှားနိုင်ငံကို ထိခိုက်စရာဖြစ်လာရင်တော့ လက်ခံနိုင်စရာမရှိပါဘူး”လို့ ရှင်းပြခဲ့ပါတယ်။
ဒီအယူအဆက အနည်းငယ် မသဲကွဲလို့ ထင်ကောင်းထင်ရပေမယ့် အလွန်ရိုးရှင်းစွာ ရှင်းပြနိုင်ပါတယ်လို့လည်း ပူတင်က မှတ်ချက်ပြုခဲ့ပါတယ်။
သူက ဆက်လက်ပြီး “ယူကရိန်းက နေတိုးအဖွဲ့ဝင်တာကနေ သူ့အတွက် အကျိုးကျေးဇူးတွေရရှိလိမ့်မယ်လို့ ယုံကြည်ပါတယ်။ ဒါပေမယ့် ဒါက ကျွန်တော်တိုနိုင်ငံ့ရဲ့ လုံခြုံရေးကို ခြိမ်းခြောက်နေတယ်။ ဒီတော့ ကျွန်တော်တို့ကို မခြိမ်းခြောက်ဘဲ သူတို့နိုင်ငံရဲ့ လုံခြုံရေးကိုအာမခံနိုင်မယ့် နည်းလမ်းတစ်ခုကို တီထွင်ကြပါစို့” လို့ ပူတင်က တွေ့ဆုံမေးမြန်းပွဲမှာ ပြောကြားခဲ့ပါတယ်။
Ref : Tass
