၅. ၁၂. ၂၀၂၅
Written by Nyein Kyaw
စင်ကာပူနိုင်ငံနှင့် သွယ်တန်းချိတ်ဆက်ထားသည့် UMO ပင်လယ်ရေအောက် ဖိုင်ဘာကေဘယ်ဆက်ကြောင်း ပြုပြင်ခြင်းအား ယခုဒီဇင်ဘာလကုန်ခန့်တွင် ဆောင်ရွက်ပြီးစီးမည်ဖြစ်၍ အင်တာနက်ဝန်ဆောင်မှုများ မူလအခြေအနေသို့ မကြာမီ ပြန်လည်ရောက်ရှိမည်ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ အသိပေးကြေညာထားသည်။
အင်တာနက်ဝန်ဆောင်မှုများရရှိရန် နိုင်ငံတကာသို့ ချိတ်ဆက်ထားသော ဆက်ကြောင်းများအနက် စင်ကာပူနိုင်ငံမှ မြန်မာနိုင်ငံသို့ သွယ်တန်းချိတ်ဆက်ထားသည့် UMO ပင်လယ်ရေအောက် ဖိုင်ဘာကေဘယ်ဆက်ကြောင်းသည် ၂၀၂၅ ခုနှစ် နိုဝင်ဘာလ ၁ ရက်တွင် ချို့ယွင်းပြတ်တောက်မှုဖြစ်ပေါ်ခဲ့သည်။
ထို့ကြောင့် အဆိုပါ ဆက်ကြောင်းမှ အင်တာနက်ဝန်ဆောင်မှု ရယူအသုံးပြုထားသော မိုဘိုင်းဆက်သွယ်ရေးအော်ပရေတာများနှင့် Internet Service Provider (ISP)များ၏ ဆက်သွယ် အင်တာနက် ဝန်ဆောင်မှုများသည် နှေးကွေးမှုများ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။
UMO ဆက်ကြောင်း ပြန်လည်ကောင်းမွန်စေရေး စီစဉ်ဆောင်ရွက်နေစဉ် အင်တာနက်ဝန်ဆောင်မှုများ အဆင်ပြေစွာ အသုံးပြုနိုင်စေရန် နယ်စပ်ဖြတ်ကျော်ဖိုင်ဘာဆက်ကြောင်းများ ထပ်မံတိုးမြှင့် ချိတ်ဆက်အသုံးပြုထားရှိသည့်အတွက် အင်တာနက်ဝန်ဆောင်မှုများ အထိုက်အလျောက် ပြန်လည်ကောင်းမွန်နေပြီ ဖြစ်သည်။
UMO ဆက်ကြောင်း ပြုပြင်ခြင်းအား၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလကုန်ခန့်တွင် ဆောင်ရွက်ပြီးစီးမည်ဖြစ်သဖြင့် အင်တာနက်ဝန်ဆောင်မှုများ မူလအခြေအနေသို့ မကြာမီ ပြန်လည်ရောက်ရှိမည်ဖြစ်ကြောင်း အသိပေးကြေညာထားသည်။



