သက်တံ့
၂၄. ၈. ၂၀၂၆
လာမည့် ၂၀၂၈ ခုနှစ်တွင် မြန်မာအာကာသယာဥ်မှူးကို အာကာသယာဥ်နှင့် စေလွှတ်နိုင်ရေး ထည့်သွင်းဆွေးနွေးနိုင်ခဲ့သည်ဟု နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခိုင်ခိုင်စိုးက ပြောကြားသည်။
နိုင်ငံတော်သမ္မတကြီး၏ ရုရှား၊ ဘယ်လာရုစ်ခရီးစဥ် အောင်မြင်မှုအခြေအနေအပေါ် မီဒီယာများက မေးမြန်းချိန်တွင် အာကာသနှင့် ဂြိုဟ်တုနည်းပညာကဏ္ဍ စွမ်းဆောင်မှုနှင့် စပ်လျဥ်းပြီး ဒေါက်တာ ခိုင်ခိုင်စိုးက “အာကာသဂြိုဟ်တုနည်းပညာနဲ့ပတ်သက်လို့လည်း ဆွေးနွေးခဲ့တာတွေအများကြီးပါ၊ အဓိကတော့လေးခုပါ။ ၂၀၂၈ ခုနှစ်မှာ ကျွန်မတို့မြန်မာနိုင်ငံက အာကာသယာဉ်မှူးကို အာကာသယာဉ်နဲ့စေလွှတ်နိုင်ရေး၊ ဒါက အဓိကအရေးအကြီးဆုံးအချက်ပါ။ ဂြိုဟ်တုအခြေပြုရှာဖွေကယ်ဆယ်ရေး Station မြန်မာနိုင်ငံမှာတည်ဆောက်ဖို့၊ GNSS Station တည်ဆောက်ဖို့ဆွေးနွေးခဲ့ပါတယ်။ အာကာသကနေ ကမ္ဘာမြေအနီးမှာ အာကာသအန္တရာယ် ကျရောက်နိုင်တဲ့အရာတွေကိုစောင့်ကြည့်ပြီး ကာကွယ်ဖို့အတွက် Station တည်ဆောက်ဖို့၊ အဲဒီ လေးခုကို ကျွန်မတို့ MoU ရေးထိုးနိုင်ခဲ့ပါတယ်။”ဟု ပြောကြားသည်။
နိုင်ငံတော်သမ္မတ၏ ယခုခရီးစဥ်အတွင်း မြန်မာအာကာသအေဂျင်စီ (MSA) နှင့် ရုရှားနိုင်ငံပိုင်အာကာသကော်ပိုရေးရှင်း (Roscosmos) တို့အကြား ဂြိုဟ်တုလမ်းညွှန်မှုစနစ်၊ လူလိုက်ပါသောအာကာသခရီးစဉ်များ၊ အပြည်ပြည်ဆိုင်ရာ ဂြိုဟ်တုအခြေပြုရှာဖွေကယ်ဆယ်ရေးစနစ် (COSPAS-SARSAT) နှင့် ကမ္ဘာ့အနီးအာကာသအန္တရာယ် အလိုအလျောက်သတိပေးစနစ် (ASPOS) နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှု စာချွန်လွှာကို သြဂုတ် ၁၈ ရက်နေ့လယ်ပိုင်းက ရုရှားနိုင်ငံ၊ မော်စကိုမြိုရှိ ကရင်မလင်နန်းတော်၌ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင်နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတ မစ္စတာ ဗလာဒီမာ ဗလာဒီမီရိုဗစ်ချ် ပူတင်တို့၏ရှေ့မှောက်တွင် လက်မှတ်ရေးထိုးခဲ့ကြကြောင်း သတင်းရရှိသည်။
ထို့အတူ ဘယ်လာရုစ်နိုင်ငံနှင့်လည်း မြန်မာအာကာသအေဂျင်စီအတွက် ကမ္ဘာမြေကို အဝေးမှ အာရုံခံစောင့်ကြည်နိုင်သော အာကာသ ယာဉ်ငယ်တစ်စင်း တည်ဆောက်ရေးဆိုင်ရာ ရည်ရွယ်သည့် မှတ်တမ်းလွှာ၊ မြန်မာအာကာသအေဂျင်စီနှင့် Belarusian State University တို့အကြား သိပ္ပံနှင့် နည်းပညာပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ စာချွန်လွှာ စသည့်နားလည်မှုစာချွန်လွှာနှင့် သဘောတူညီချက် ၉ ခုတို့ကို ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီးနှင့် သက်ဆိုင်ရာပြည်ထောင်စုဝန်ကြီးများက ဘယ်လာရုစ်သမ္မတ နိုင်ငံဘက်မှ သက်ဆိုင်ရာဝန်ကြီးများ၊ တာဝန်ရှိသူများနှင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတနှင့် ဘယ်လာရုစ်သမ္မတနိုင်ငံ သမ္မတတို့ရှေ့မှောက်၌ လဲလှယ်ခဲ့ကြသည်ဟု သိရသည်။
