သက်တံ့
၂၄. ၈. ၂၀၂၆
အရှိန်မထိန်းနိုင်သည့် ရွှေစင်စက်ြာယာဥ်တစ်စီးက လားရာတူ ရှေ့တွင် မောင်းနှင်နေသည့်ယာဥ်ကို ဝင်တိုက်ရာမှ တစ်ဦးသေဆုံးကာ နှစ်ဦးဒဏ်ရာရမှု အမြန်လမ်းတွင် ယနေ့နံနက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း အမြန်လမ်းမကြီး ထိန်းသိမ်းပြုပြင်ရေးနှင့်ကြီးကြပ်ရေးအဖွဲ့မှ ယခုသတင်းထုတ်ပြန်သည်။
ဖြစ်စဥ်မှာ ယနေ့ ဩဂုတ် ၂၄ ရက်ကူးပြောင်းစ နံနက် ၁၂ နာရီ မိနစ် ၄၀ ခန့်အချိန် ရန်ကုန် -မန္တလေးအမြန်လမ်း မိုင်တိုင် ၂၁၄/၂-၂၁၄/၃ ကြား၊(မန္တလေးဘက်မှ နေပြည်တော်ဘက်သို့) (အပြန်လမ်း) တွင် ယာဉ်မောင်းပါ အမျိုးသား (၁၄)ဦး၊ အမျိုးသမီး (၁၁) ဦးစုစုပေါင်း (၂၅)ဦး လိုက်ပါလာသည့် 4M/8267 ရွှေစင်စက်ြာခရီးသည်တင် (ဖြူ/ပြာကြားရောင်) Express ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ ရှေ့မှ လားရာတူ မောင်းနှင်နေသည့် ယာဉ်မောင်းပါ အမျိုးသား (၃)ဦး၊ အမျိုးသမီး (၁) ဦးစုစုပေါင်း (၄)ဦး လိုက်ပါလာသည့် Mazda Bongo Light Truck (အဖြူရောင်)ယာဉ်၏ အနောက်ဘက်အား ဝင်ရောက်တိုက်မိပြီး ယာဉ်(၂)စီးလုံး လက်ဝဲဖက်ယာဉ်ကြောပေါ်သို့ ရောက်ရှိရပ်တန့်ခဲ့သော ယာဉ်မတော်တဆမှု ဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်ကြောင့် ရွှေစင်စက်ြာExpress ယာဉ်ပေါ်ရှိ ယာဉ်ပေါ်ပါလာသူများ ထိခိုက်ဒဏ်ရာမရရှိခဲ့သော်လည်း Mazda Bongo Light Truck ယာဉ်ပေါ်ရှိ အမျိုးသား (၁)ဦးမှာ အခင်းဖြစ်ပွားသည့် နေရာတွင် သေဆုံးပြီး အမျိုးသား (၁)ဦးနှင့် အမျိုးသမီး (၁)ဦးမှာ ထိခိုက်ဒဏ်ရာ အသီးသီး ရရှိခဲ့သည်ဟု အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့်ကြီးကြပ်ရေးအဖွဲ့က ပြောသည်။
ထို့အတွက် အမြန်လမ်းအသုံးပြုသည့် ယာဉ်မောင်းများ အနေဖြင့် မိမိယာဉ်၏ ကြံ့ခိုင်မှုအား လမ်းပေါ်မရောက်မီ သေချာစွာ စစ်ဆေးကြရန်လိုအပ်ပြီး ယာဉ်အမျိုးအစား အလိုက် သတ်မှတ်အမြန်နှုန်းထက် ပိုမမောင်းကြပါရန်၊ မှန်လုံခရီးသည် တင်ယာဥ်ကြီးများ တစ်နာရီ မိုင် ၉၀၊ လူစီးယာဥ်ငယ်များမှာ တစ်နာရီ မိုင် ၁၀၀၊ ကုန်တင်ယာဥ်နှင့် ပစ်ကပ်ယာဥ်များမှာ တစ်နာရီ မိုင် ၆၀ နှုန်းသာ အများဆုံးမောင်းနှင်ကြပါရန်လည်း အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့်ကြီးကြပ်ရေးအဖွဲ့က သတိပေးထားသည်။
