၂၄.၈.၂၀၂၆
Translated by Htwe Ko Tun
ဗြိတိန် (ယူနိုက်တက်ကင်းဒမ်း -UK) ဝန်ကြီးချုပ် အန်ဒီဘာနမ် (Andy Burnham) သည် ရာထူးတာဝန်ယူပြီးနောက် ၎င်း၏ပထမဆုံးပြည်ပခရီးစဉ်အဖြစ် ဩဂုတ်လ ၂၄ ရက်တွင် ယူကရိန်းနိုင်ငံသို့ သွားရောက်မည်ဖြစ်ပြီး ယူကရိန်း၏ တာဝေးပစ်ဒုံးကျည် ပြည်တွင်း၌ ထုတ်လုပ်မှုကို တိုးတက်စေရန် ဗြိတိန်၏ပံ့ပိုးမှုကို ကြေညာမည်ဖြစ်ကြောင်း သတင်းများက ဖော်ပြခဲ့ကြသည်။
ယူကရိန်းကိုထောက်ခံသော နိုင်ငံများအဖွဲ့တစ်ခုဖြစ်သည့် Coalition of the Willing ၏ အစည်းအဝေးကို ပူးတွဲသဘာပတိအဖြစ် ဆောင်ရွက်ရန် ဘာနမ်သည် ယူကရိန်းတွင် ဩဂုတ်လ ၂၄ ရက်၌ ရှိနေမည်ဖြစ်ပြီး ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်စကီးနှင့်လည်း တွေ့ဆုံရန် စီစဉ်ထားသည်။

SCALP တာဝေးပစ်ခရုဇ်ဒုံးကျည်တွင် အသုံးပြုသော ဗြိတိန်လုပ်အစိတ်အပိုင်းများဆိုင်ရာ လျှို့ဝှက်အချက်အလက်များကို ဥရောပဒုံးကျည်ထုတ်လုပ်သူ MBDA အား ထုတ်ပြန်ခွင့်ပြုရန် ဗြိတိန်က သဘောတူညီခဲ့ကြောင်း အန်ဒီဘာနမ်က ကြေညာမည်ဟု ဗြိတိန်ဝန်ကြီးချုပ်ရုံး၏အဆိုအရ သိရသည်။
ဝန်ကြီးချုပ်ရုံး၏အဆိုအရ ၎င်းက ပြင်သစ်နှင့် ယူကရိန်းနိုင်ငံတို့အား ၎င်းတို့၏ မျှဝေသည့် ဒုံးကျည်အတွက် ဒေသတွင်းတပ်ဆင်မှုလိုင်းများ တည်ထောင်နိုင်စေမည်ဖြစ်သည်။ SCALP တာဝေးပစ် ခရုဇ်ဒုံးကျည်ကို ယူကေနှင့် ပြင်သစ်နိုင်ငံတို့က ပူးပေါင်းထုတ်လုပ်ထားခြင်းဖြစ်သည်။
“ယူကရိန်းရဲ့လုံခြုံရေးဟာ ကျွန်တော်တို့ရဲ့လုံခြုံရေးပါပဲ” ဟု ဘာနမ်က ကြေညာချက်တစ်စောင်တွင် ပြောကြားခဲ့ပြီး ယူကရိန်းအနေနှင့်လိုအပ်သလောက် ဗြိတိန်က ယူကရိန်းဘက်မှ ရပ်တည်မည်ဟုလည်း ထပ်လောင်းပြောကြားခဲ့သည်။
၂၀၂၂ ခုနှစ်တွင် ရုရှားနှင့်ယူကရိန်းစစ်ပွဲစတင်ဖြစ်ပွားပြီးနောက်ပိုင်း ဗြိတိန်က ယူကရိန်းအားအခိုင်မာဆုံးထောက်ခံသည့်နိုင်ငံများမှ တစ်ခုဖြစ်ခဲ့ပြီး စစ်ရေးပံ့ပိုးမှု၊ စီးပွားရေးအကူအညီနှင့် သံတမန်ရေး အထောက်အပံ့များ ပေးအပ်ခဲ့သည်။။
အနောက်အုပ်စု၏ တိုက်ပွဲဝင်တင့်ကားများနှင့် တာဝေးပစ်ခရုဇ်ဒုံးကျည်များ ယူကရိန်းကို ထောက်ပံ့မည့် အစီအစဉ်များကို ကြေညာခဲ့သည့် ပထမဆုံးနိုင်ငံဖြစ်ပြီး စစ်ရေးနှင့် အရပ်ဘက်ထောက်ပံ့မှုအတွက် ပေါင်စတာလင် ၂၅ ဘီလျံကျော် (ဒေါ်လာ ၃၄ ဘီလျံ) ပေးအပ်ရန် ကတိပြုထားသည်။
ရုရှားကို ပထမဆုံးအကြိမ် တာဝေးတိုက်ခိုက်မှုတွေအတွက် ဗြိတိန်လုပ် ဒရုန်းများကို အသုံးပြုခဲ့ကြောင်း အစီရင်ခံစာတစ်ခုအပြီး ရုရှားအစိုးရက ဗြိတိန်ကို ဒရုန်းများ ထောက်ပံ့ခြင်းအတွက် နောက်ဆက်တွဲ အကျိုးဆက်များ ရှိလာနိုင်ကြောင်း လွန်ခဲ့သည့်အပတ်က သတိပေးခဲ့ပြီး ဗြိတိန်အနေဖြင့် စစ်ပွဲတွင် ပါဝင်ပတ်သက်မှု နက်ရှိုင်းလာကြောင်းလည်း စွပ်စွဲခဲ့သည်။
ဘာနမ်အနေဖြင့် ၎င်း၏အစိုးရလက်ထက်တွင် ယူကရိန်း၏ လုံခြုံရေးကို အားကောင်းစေရန် ကြိုးပမ်းမှုများ၌ ဗြိတိန်က ဦးဆောင်အခန်းကဏ္ဍမှ ဆက်လက်ပါဝင်နေမည်ဟု ယူကရိန်းနှင့် မဟာမိတ်များကို ထပ်မံအာမခံရန် ၎င်း၏ခရီးစဉ်ကို အသုံးပြုမည်ဟုလည်း မျှော်လင့်ရသည်။
ရှေ့တန်းစစ်မျက်နှာမှ အလှမ်းဝေးသော ရုရှားရေနံချက်စက်ရုံများနှင့် ထောက်ပံ့ပို့ဆောင်ရေးစက်ရုံများကို ပစ်မှတ်ထားရန် တာဝေးပျံသန်းနိုင်သည့် ဒရုန်းများနှင့် တိုက်ခိုက်ရေးလက်နက်များကို ယူကရိန်းက ပိုမိုအားကိုးလာရချိန်တွင် ယူကရိန်းအနေဖြင့် ပြည်တွင်းဒုံးကျည်ထုတ်လုပ်မှုကို တိုးချဲ့ရန် တွန်းအားပေးမှုလည်း ပေါ်ပေါက်လာခြင်းဖြစ်သည်။
ဇူလိုင်လကုန်တွင်အလုပ်သမားပါတီခေါင်းဆောင်ဘာနမ်ကို ဝန်ကြီးချုပ်အဖြစ် ရွေးကောက်တင်မြှောက်ခံရပြီးနောက် ဇယ်လန်စကီးက ဘာနမ် ၏ ပထမဆုံးနိုင်ငံတကာဧည့်သည်အဖြစ် ဗြိတိန်သို့ ဇူလိုင်လကုန်တွင် သွားရောက်ခဲ့ပြီး ရက်သတ္တပတ်အနည်းငယ်အကြာတွင် ယခုခရီးစဉ် ပေါ်ပေါက်လာခြင်းလည်းဖြစ်သည်။
Ref- Reuters
