သက်တံ့
၂၄. ၈. ၂၀၂၆
မြန်မာနိုင်ငံအတွင်း ပြန်ပေးဆွဲခံရပြီးနောက် ရူပီး ၆ ဒသမ ၂ သိန်း တောင်းဆိုခံခဲ့ရသည့် အသက် ၂၄ နှစ်အရွယ် အင်ဂျင်နီယာဘွဲ့ရ အိန္ဒိယနိုင်ငံ၊ သီရူဗာရူး (Tiruvarur) ခရိုင်မှ လူငယ်အား ရဲတပ်ဖွဲ့က ငွေကြေးတစ်ပြားမျှ ပေးဆောင်စရာမလိုဘဲ အောင်မြင်စွာ ကယ်တင်နိုင်ခဲ့ပြီး ၎င်းမှာ အိမ်သို့ ပြန်လာနေပြီဖြစ်ပြီး ပြန်ပေးဆွဲသူများနှင့် ဆက်နွှယ်နေသည့် တိရုချီ (Trichy) မြို့ရှိ ရာဂျာစသန်ပြည်နယ်သားတစ်ဦးကိုလည်း ဖမ်းဆီးရမိခဲ့သည်။
အီလက်ထရွန်နစ်နှင့် ဆက်သွယ်ရေး အင်ဂျင်နီယာဘွဲ့ရ မူဟက်ရှ်ဝါရန် (M. Mukeshwaran) သည် ပြီးခဲ့သည့် ၂ နှစ်အတွင်း ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်ခဲ့သူဖြစ်သည်။ ၎င်းသည် ဇူလိုင်လအတွင်း ခွင့်ဖြင့် ခဏပြန်လာခဲ့ပြီး သြဂုတ် ၈ ရက်တွင် ထိုင်းနိုင်ငံသို့ ပြန်လည် ထွက်ခွာခဲ့သည်။ ထိုမှတစ်ဆင့် ပွဲစားတစ်ဦး၏ ချိတ်ဆက်ပေးမှုဖြင့် အိမ်နီးချင်း မြန်မာနိုင်ငံသို့ သွားရောက်ခဲ့သည်။
မြန်မာနိုင်ငံ၊ ပိုင်ကျုံ (Paingkyon) မြို့နယ်အတွင်း ရောက်ရှိချိန်တွင် မတရားခေါင်းပုံဖြတ်ခံရသည့် လုပ်ငန်းခွင်ပတ်ဝန်းကျင်၌ မလုပ်ကိုင်လိုသဖြင့် ပြန်ထွက်ရန် ကြိုးပမ်းခဲ့ရာ လူတစ်စု၏ ဖမ်းဆီးပြန်ပေးဆွဲခြင်းကို ခံခဲ့ရသည်။
သြဂုတ် ၂၀ ရက်တွင် မူဟက်ရှ်ဝါရန်၏ အဖေဖြစ်သူ ဆောက်လုပ်ရေးလုပ်သား မူရူဂါယန် (Murugaiyan) ထံ သားဖြစ်သူထံမှ ဖုန်းဆက်သွယ်မှု ရောက်ရှိလာခဲ့သည်။ သားဖြစ်သူက မြန်မာနိုင်ငံတွင် ပြန်ပေးဆွဲခံထားရပြီး လွတ်မြောက်ရေးအတွက် ငွေကြေးအမြောက်အမြား တောင်းဆိုနေကြောင်း ပြောကြားခဲ့သည်။ မူရူဂါယန်က ညှိနှိုင်းခဲ့သဖြင့် ပြန်ပေးငွေကို ရူပီး ၆ ဒသမ ၂၅ သိန်းအထိ လျှော့ချပေးခဲ့ပြီး တိရုချီတွင်နေထိုင်သူ ရာဂျာစသန်ပြည်နယ်သား မေဝါရမ် (Mewaram / Maavaram) ထံ တရားမဝင် ဟွန်ဒီ (Hawala) စနစ်ဖြင့် ပေးပို့ရန် ညွှန်ကြားခဲ့သည်။
မူရူဂါယန်၏ တိုင်ကြားချက်အရ သီရူဗာရူး ရဲမှူးကြီး ဆသီးရှ်ကူးမားရ် (V. Satish Kumar) က စုံစမ်းစစ်ဆေးရေးမှူး ရာဂျေးရှ် ကန်နန် (Rajesh Kannan) အား အထူးအရာရှိအဖြစ် တာဝန်ပေးအပ်ခဲ့သည်။ ရဲတပ်ဖွဲ့သည် မူဟက်ရှ်ဝါရန်၏ ဆွေမျိုးများအဖြစ် ဟန်ဆောင်ကာ တိရုချီမြို့ ပလာကာရိုင်း (Palakarai) ဧရိယာသို့ သွားရောက်၍ မေဝါရမ်အား စုံစမ်းစစ်ဆေး ဖမ်းဆီးခဲ့သည်။ စစ်ဆေးမှုများအရ ရာဂျာစသန်ပြည်နယ်မှ စမာလာရမ် (Samalaram) ဆိုသူပါ ပါဝင်နေကြောင်း သိရှိခဲ့ရသည်။
ယင်းနောက် ရဲတပ်ဖွဲ့က မြန်မာနိုင်ငံရှိ ပြန်ပေးဆွဲသူများနှင့် တိုက်ရိုက်ဆက်သွယ်ကာ အိန္ဒိယရှိ ၎င်းတို့၏ ပူးပေါင်းပါဝင်သူများကို တရားဥပဒေအရ စတင်အရေးယူနေပြီဖြစ်ကြောင်းနှင့် စုံစမ်းစစ်ဆေးမှုများကို ပိုမိုတိုးမြှင့်ဆောင်ရွက်သွားမည်ဟု သတိပေးခဲ့သည်။
ယင်းသို့ ပြတ်သားစွာ ညှိနှိုင်းဆောင်ရွက်ခဲ့မှုကြောင့် ပြန်ပေးဆွဲသူများသည် မူဟက်ရှ်ဝါရန်မိသားစုအား ငွေကြေးတောင်းခံရဲခြင်းမရှိတော့ဘဲ ပြန်လည်လွှတ်ပေးခဲ့ရပြီးနောက် ၎င်းမှာ လေယာဉ်ဖြင့် အိန္ဒိယသို့ ဘေးကင်းစွာ ပြန်လာနေပြီဖြစ်သည်။ ဖမ်းဆီးရမိသူ မေဝါရမ်အား တရားရုံးသို့ တင်ပို့၍ အချုပ်ထောင်သို့ စေလွှတ်ထားသည်ဟုလည်း သိရသည်။
ရဲမှူးကြီးက ပြည်ပနိုင်ငံတွင် ပြန်ပေးဆွဲခံရသူအား ငွေကြေးကုန်ကျမှုမရှိဘဲ လျင်မြန်စွာ ကယ်တင်ပေးခဲ့သည့် စုံစမ်းစစ်ဆေးရေးမှူး ရာဂျေးရှ် ကန်နန်နှင့် ရဲတပ်ဖွဲ့၏ ကြိုးပမ်းမှုကို ချီးကျူးဂုဏ်ပြုခဲ့သည်။
Ref: TOI & Deccan Chronicle
