သက်တံ့
၂၄. ၈. ၂၀၂၆
ထိုင်း-မြန်မာနယ်စပ်သို့ ခေါ်ဆောင်ရန် ကြိုးပမ်းရင်း ဘန်ကောက်မြို့မှ တရုတ်အမျိုးသမီးတစ်ဦးအား တိုက်ခိုက်၍ ဖမ်းဆီးပြန်ပေးဆွဲခဲ့သည့် ထိုင်းအမျိုးသား ၂ ဦးကို ကမ်ဖန်ဖက် (Kamphaeng Phet) မြို့၌ ဩဂုတ် ၂၃ ရက်တွင် ရဲတပ်ဖွဲ့က လိုက်လံဖမ်းဆီးရမိခဲ့သည်။ ဖြစ်စဉ်တွင် ပါဝင်သူ အခြားသံသယရှိသူ ၂ ဦးမှာမူ လွတ်မြောက်နေဆဲဖြစ်သည်။
ဩဂုတ် ၂၃ ရက် သန်းခေါင်ယံအချိန်ခန့်တွင် ကမ်ဖန်ဖက်မြို့မရဲစခန်းမှ ရဲအရာရှိများသည် မောင်းခရိုင်၊ နိုင်မောင်း (Nai Mueang) မြို့နယ်ခွဲရှိ ရာချာဒမ်နိုအန် (Ratchadamnoen) လမ်းပေါ်တွင် တရုတ်နိုင်ငံသူ အမျိုးသမီးတစ်ဦး တိုက်ခိုက်ခံရကြောင်း သတင်းပေးပို့ချက် ရရှိခဲ့သည်။ ရဲတပ်ဖွဲ့က ဖြစ်စဉ်ဖြစ်ပွားရာနေရာသို့ သွားရောက်စစ်ဆေးရာ ဒဏ်ရာရရှိထားသည့် အဆိုပါ တရုတ်အမျိုးသမီးကို တွေ့ရှိခဲ့သဖြင့် ဆေးကုသမှုနှင့် ဆေးစစ်ချက်ယူနိုင်ရန် ကမ်ဖဲင်ဖက်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်။

အဆိုပါ အမျိုးသမီး၏ ထွက်ဆိုချက်အရ အမျိုးသား ၄ ဦးပါဝင်သော အုပ်စုတစ်စုသည် ၎င်းအား ဘန်ကောက်မြို့ရှိ ဟိုတယ်တစ်ခုမှ ခေါ်ဆောင်လာပြီး နယ်စပ်ဒေသသို့ ဦးတည်မောင်းနှင်နေသည့် ကားအတွင်းသို့ အတင်းအဓမ္မ ခေါ်ဆောင်လာခဲ့ကြောင်း သိရသည်။
ခရီးစဉ်တစ်လျှောက်လုံး သူမ၏ လက်များကို ကြိုးဖြင့် တုတ်နှောင်ထားခြင်းခံခဲ့ရပြီး ကမ်ဖန်ဖက်မြို့သို့ ရောက်ရှိချိန်တွင် မောင်းနှင်နေသော ကားပေါ်မှ ခုန်ဆင်း၍ ထွက်ပြေးခဲ့ကာ အနီးဝန်းကျင်ရှိ ပြည်သူများထံ အကူအညီတောင်းခံခဲ့ခြင်းဖြစ်သည်။
ထို့နောက် ရဲတပ်ဖွဲ့က သံသယရှိသူများ၏ ယာဉ်ကို တားဆီးရန် ကင်းလှည့်ရဲတပ်ဖွဲ့ဝင်များထံ ရေဒီယိုမှတစ်ဆင့် အကြောင်းကြားခဲ့သည်။ ရဲအရာရှိများသည် အဆိုပါဖြစ်စဉ်နှင့် ဆက်နွှယ်နေသည့် ဘန်ကောက်လိုင်စင်နံပါတ်ပါ အနက်ရောင် နစ်ဆန်း တီအာနာ (Nissan Teana) ယာဉ်အား ရှောင်ကွင်းလမ်းရှိ ချူလာ (Chula) လမ်းဆုံဂိတ်၌ တွေ့ရှိခဲ့သည်။ ရဲတပ်ဖွဲ့က ယာဉ်ကို ရပ်တန့်ရန် ကြိုးပမ်းခဲ့သော်လည်း ယာဉ်မောင်းသူမှာ ရပ်တန့်ခြင်းမရှိဘဲ အရှိန်မြှင့်မောင်းနှင် ထွက်ပြေးခဲ့သည်။ ရဲအရာရှိများက နောက်မှ လိုက်လံဖမ်းဆီးခဲ့ရာ လန်ဒေါ့မိုင် (Lan Dok Mai) ခရိုင်သို့ အရောက်တွင် အဆိုပါကားမှာ တာယာပေါက်သွားခဲ့သည်။
ဖြစ်စဉ်တွင် ပါဝင်သူ သံသယရှိသူများဖြစ်သည့် အသက် ၄၁ နှစ်အရွယ် ဆွမ်ကီးယက် (Somkiat) နှင့် အသက် ၂၄ နှစ်အရွယ် ကစ်တီပွန် (Kittiporn) တို့ ၂ ဦးကို ဖမ်းဆီးရမိခဲ့ပြီး ကျန်သံသယရှိသူ ၂ ဦးမှာမူ ယာဉ်ပေါ်မှ ဆင်း၍ ထွက်ပြေးလွတ်မြောက်သွားခဲ့သည်။ ရဲတပ်ဖွဲ့က ထွက်ပြေးလွတ်မြောက်နေသူ ၂ ဦးအနက် တစ်ဦး၏ မည်သူမည်ဝါဖြစ်ကြောင်း ဖော်ထုတ်နိုင်ခဲ့ပြီး လိုက်လံရှာဖွေနေကြောင်း ပြောကြားခဲ့သည်။
မူလစစ်ဆေးမေးမြန်းမှုများအရ ဖမ်းဆီးရမိထားသည့် သံသယရှိသူ ၂ ဦးက ၎င်းတို့သည် နိုင်ငံကူးလက်မှတ် ပါရှိသော အဆိုပါ တရုတ်အမျိုးသမီးအား ဘန်ကောက်ရှိ ဟိုတယ်တစ်ခုမှ သွားရောက်ခေါ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း ထွက်ဆိုခဲ့သည်။
၎င်းတို့သည် အမျိုးသမီးအား ထိုင်း-မြန်မာနယ်စပ်ဖြစ်သော တာ့ခ် (Tak) ပြည်နယ်၊ မဲဆောက် (Mae Sot) မြို့နယ်သို့ ခေါ်ဆောင်ရန် ကြိုးပမ်းခဲ့ခြင်းဖြစ်သော်လည်း ခေါ်ဆောင်ရသည့် သီးခြားရည်ရွယ်ချက်ကိုမူ ဆက်လက်စုံစမ်းစစ်ဆေးနေဆဲဖြစ်သည်။ စုံစမ်းစစ်ဆေးရေးအရာရှိများသည် တရုတ်အမျိုးသမီးအား အကူအညီနှင့် အကာအကွယ်ပေးနိုင်ရန် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်လျက်ရှိပြီး သံသယရှိသူများကို စွဲဆိုမည့် ပုဒ်မများကိုမူ ရဲတပ်ဖွဲ့က အတည်ပြုထုတ်ပြန်ခြင်း မရှိသေးပေ။
Ref: Thaiger

