သက်တံ့
၂၄. ၈. ၂၀၂၆
အင်ဒိုနီးရှား လေတပ်ပိုင် တိုက်လေယာဉ်တစ်စင်းသည် ဆူလာဝေစီတောင်ပိုင်း၊ မာရော့စ် (Maros) ရှိ ဆူလ်တန် ဟာဆာနူဒင် လေတပ်စခန်း၌ တနင်္လာနေ့ (ဩဂုတ် ၂၄ ရက်) နံနက်ပိုင်းတွင် ပြေးလမ်းချော်မှု ဖြစ်ပွားခဲ့ပြီး အဆိုပါ ရုရှားနိုင်ငံထုတ် Su-30 MK2 အမျိုးအစား ဆူခွိုင်း (Sukhoi) တိုက်လေယာဉ်မှာ ပြေးလမ်းအပြင်ဘက်သို့ ထွက်သွားခဲ့ကာ မကာဆာ (Makassar) သို့ ဦးတည်သည့် ပင်မလမ်းမကြီးနှင့် မီတာ ၂၀ ခန့်အကွာအထိ ရောက်ရှိသွားခဲ့သည်။
ယနေ့ မွန်းလွဲပိုင်းအထိ အဆိုပါ တိုက်လေယာဉ်မှာ ဖြစ်စဉ်ဖြစ်ပွားရာနေရာတွင်ပင် ရှိနေသေးသည်။
“ကျွန်တော် ကြည့်လိုက်တော့ မီးခိုးတွေ ထွက်နေတုန်းပဲ။ ကျွန်တော် ရောက်လာကတည်းက အဲဒီမှာ ရှိနေတာ” ဟု အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက ပြောကြားခဲ့သည်။

ပျံ့နှံ့နေသည့် ဗီဒီယိုဖိုင်တစ်ခုတွင် လေယာဉ်ပြေးလမ်းချော်ပြီးပြီးချင်း လေယာဉ်၏ နောက်ပိုင်း၌ မီးတောက်များကို တွေ့မြင်ရသည်။ အရာရှိအချို့က မီးငြှိမ်းသတ်ရန် ကြိုးပမ်းနေစဉ် အဖြူရောင် မီးခိုးများ အပြင်းအထန် ထွက်ပေါ်နေခဲ့သည်။ လေယာဉ်မှူးမှာ လေယာဉ်မောင်းခန်း (Cockpit) အတွင်းမှ ထွက်ခွာရန် ကြိုးပမ်းနေပုံရပြီး လေယာဉ်၏ လေထီး (Parachute) ကိုလည်း တွေ့မြင်နေရဆဲဖြစ်သည်။
ဖြစ်စဉ်ဖြစ်ပွားရာနေရာတွင် ရဲတပ်ဖွဲ့နှင့် စစ်ဘက်ဆိုင်ရာ အရာရှိများသည် လမ်းဘေးတွင် ဆက်လက် ကင်းလှည့်စောင့်ကြပ်နေကြသည်။ ၎င်းတို့သည် ယာဉ်ကြောပိတ်ဆို့မှုကို ထိန်းသိမ်းပေးခဲ့ပြီး ယာဉ်မောင်းများအား ဓာတ်ပုံ သို့မဟုတ် ဗီဒီယို ရိုက်ကူးခြင်း မပြုရန် တားမြစ်ခဲ့သည်။ ဓာတ်ပုံရိုက်ကူးသည့် ယာဉ်မောင်းများကို သတိပေးတားမြစ်ခဲ့ပြီး မှတ်တမ်းတင်ခြင်းကို ပိတ်ပင်ခဲ့သည်။ ထို့အပြင် ဖြတ်သန်းသွားလာသူများ ဓာတ်ပုံမရိုက်နိုင်စေရန် ခြံစည်းရိုး အစိတ်အပိုင်းအချို့ကို အဖြူရောင်အထည်များဖြင့် ကာရံထားသည်။ လေယာဉ်ကိုယ်ထည်အနားတွင် တပ်မတော်သား အများအပြားက လေယာဉ်အား တွန်းရွှေ့ရန် ကြိုးပမ်းနေသည်ကိုလည်း တွေ့ရပြီး လေယာဉ်ကိုယ်ထည်ကိုမူ မိုးကာစဖြင့် ဖုံးအုပ်ထားခဲ့သည်။
ဟာဆာနူဒင် လေတပ်စခန်း၏ ပြန်ကြားရေးတာဝန်ခံ ဒုတိယဗိုလ်မှူးကြီး ယုဓ ပရာမိုနို (Yudha Pramono) က အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ရှင်းလင်းပြောကြားနိုင်ရန် ခတ္တအချိန်ယူရမည်ဖြစ်ကြောင်း ဆက်သွယ်မေးမြန်းမှုအပေါ် ပြန်လည်ဖြေကြားခဲ့သည်။ လက်ရှိတွင် ၎င်းတို့တပ်ဖွဲ့သည် ဖြစ်စဉ်ကြောင့် ပေါ်ပေါက်လာသည့် အခြေအနေများကို ကိုင်တွယ်ဖြေရှင်းလျက်ရှိသည်။
“ကျွန်တော်တို့ လက်ရှိမှာ ဖြစ်စဉ်ဖြစ်ပွားရာနေရာမှာ ရောက်ရှိနေပြီး အခြေအနေကို ထိန်းသိမ်းနေပါတယ်။ မကြာခင်မှာ အသေးစိတ် ထုတ်ပြန်ပေးပါမယ်” ဟု ၎င်းက ထပ်မံပြောကြားခဲ့သည်။
တစ်ချိန်တည်းမှာပင် Angkasa Pura Indonesia ၏ ဆူလ်တန် ဟာဆာနူဒင် လေဆိပ်မှ ဆက်သွယ်ရေးနှင့် CSR ဌာနမှူး တော်ဖန် ယုဓိစတီရာ (Taufan Yudhistira) က ဖြစ်စဉ်မှာ လေဆိပ်၏ အနောက်ဘက် ပြေးလမ်း (Runway 13) တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သလို အဆိုပါဖြစ်စဉ်ကို သက်ဆိုင်ရာ အာဏာပိုင်များက ဆက်လက်စုံစမ်းစစ်ဆေးလျက်ရှိသည်ဟုလည်း ယင်းက ဆိုသည်။
ထို့ပြင် လေဆိပ်လုပ်ငန်းစဉ်များနှင့် အခြားလေကြောင်းလိုင်းများ မပျက်မကွက် ပုံမှန်ပြေးဆွဲလျက်ရှိကြောင်းလည်း သိရသည်။
“လေကြောင်းလိုင်း ပျံသန်းမှုတွေကို တောင်-မြောက် ပြေးလမ်း (Runway 03-21) ကို အသုံးပြုပြီး ပုံမှန်အတိုင်း လည်ပတ်နေပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။
Ref: Kompas
