၂၄.၈.၂၀၂၆
Written by Linn Eain
ရန်ကုန်တိုင်းဒေသကြီး၌ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း နိုင်ငံခြားသားများ ဗီဇာစည်းကမ်း ချိုးဖောက်မှုဖြင့် ပြစ်ဒဏ်ကျခံလျက်ရှိသူ ၂၁ ဦး၊ ပြည်နှင်ပြီးစီးသူ ၃၄ ဦးရှိပြီး လူမှုရေးဗီဇာမှအပ အခြားဗီဇာများဖြင့် ဝင်ရောက်လာကာ ရပ်ကွက်၊ နေအိမ်၊ သတ်မှတ်နေရာများတွင် ရောက်ရှိနေထိုင်ခြင်း ရှိ မရှိကို ပူးပေါင်းအဖွဲ့များဖြင့် စစ်ဆေးလျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင့်က ဩဂုတ် ၂၄ ရက်၊ နံနက် ၁၀ နာရီအချိန် ကျင်းပသည့် တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် တတိယပုံမှန်အစည်းအဝေး သတ္တမနေ့တွင် ဖြေကြားခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် သာကေတမြို့နယ်ကိုယ်စားလှယ် အမှတ်(၂) ဦးလှဝင်းမောင်၏ “ရန်ကုန်တိုင်းဒေသကြီးအတွင်း ယခင်ဘဏ္ဍာနှစ်နှင့် ယခုဘဏ္ဍာနှစ်တို့တွင် အကြောင်းအမျိုးမျိုးဖြင့် ရောက်ရှိနေထိုင် အလုပ်လုပ်ကိုင်နေသော နိုင်ငံခြားသားများအနက်မှ အကြောင်းအမျိုးမျိုးဖြင့် ဗီဇာစည်းကမ်းချိုးဖောက်နေသော နိုင်ငံခြားသားများ မည်မျှရှိပြီး အရေးယူထားသည့်အရေအတွက်၊ ဗီဇာစည်းကမ်း ချိုးဖောက်နေထိုင်မှုများ လျော့နည်းပပျောက်ရေး မည်သို့စီမံဆောင်ရွက်ခဲ့ပြီး ဆက်လက်၍ ဗီဇာစည်းကမ်း ချိုးဖောက်နေထိုင်သော နိုင်ငံခြားသားများအား မည်သို့ဆောင်ရွက်မည်ဖြစ်ကြောင်း၊ နိုင်ငံခြားသား တည်းခိုနေထိုင်ခွင့်ရှိသော ဟိုတယ်များမှ တိုင်ကြားရမည့် နိုင်ငံခြားသား ရောက်ရှိမှု ဧည့်စာရင်းများကို သက်ဆိုင်ရာ မြို့နယ်လဝကရုံးသို့ သတ်မှတ်ချက်နှင့်အညီ ပေးပို့မှု ရှိ မရှိ မည်သို့ စီမံဆောင်ရွက်ထားကြောင်း၊ ရပ်ကွက်၊ နေအိမ်၊ သတ်မှတ်နေရာများတွင် တည်းခိုနေထိုင်ခွင့်ရှိသူများမှ တရားဝင် ဧည့်စာရင်း ပေးပို့တိုင်ကြားမှု မပျက်ကွက်စေရေး မည်သို့စီမံဆောင်ရွက်ထားကြောင်း” မေးခွန်းအပေါ် လုံ/နယ်ဝန်ကြီးက ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။
လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင့်က “ရန်ကုန်တိုင်းဒေသကြီးအတွင်း နိုင်ငံခြားသားများ ဗီဇာစည်းကမ်း ချိုးဖောက်မှုမှာ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်မှာ ၁၉၄၇ ခုနှစ် မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေးအက်ဥပဒေပုဒ်မ ၄ (၂)/၁၃ (၁) ဖြင့် တရားစွဲဆို၍ အင်းစိန်ဗဟိုအကျဉ်းထောင်မှာ ပြစ်ဒဏ်ကျခံလျက်ရှိသူ ၂၁ ဦး၊ ပြည်နှင်ပြီးစီးသူ ၃၄ ဦး ရှိပါကြောင်း၊ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် ဧပြီလမှ ဇူလိုင်လ ပထမလေးလတာကာလအတွင်း ဗီဇာစည်းကမ်း ဖောက်ဖျက်မှုဖြင့် တရားစွဲဆိုထားသည့် နိုင်ငံခြားသား ၆ ဦးရှိရာ ၂ ဦးမှာ ပြစ်ဒဏ်ကျခံလျက်ရှိပြီး ကျန် ၄ ဦးမှာ အမှုရင်ဆိုင်နေဆဲဖြစ်ပြီး အဆိုပါကာလအတွင်း Blacklist ရေးသွင်း၍ ပြည်နှင် ဆောင်ရွက်ပြီးသူ ၇ ဦး ရှိပါတယ်” ဟု ဖြေကြားခဲ့သည်။
ထို့နောက် ၁၉၄၇ ခုနှစ် မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေးအက် ဥပဒေပုဒ်မ ၄ (၁) ပါ ပြည်တွင်းဝင်ရောက် နေထိုင်ခွင့်လက်မှတ်နှင့် နိုင်ငံကူးလက်မှတ်ပေါ်တွင်ပါရှိသည့် ပြည်ဝင်ဗီဇာများသည် ပြဋ္ဌာန်းထားသော စည်းကမ်းချက်များ၊ အဆိုပါ လက်မှတ်များတွင် ဖော်ပြထားသော စည်းကမ်းချက်များနှင့်အညီ ဖြစ်စေရမည်၊ ထိုစည်းကမ်းချက်တစ်ခုခုကို ချိုးဖောက်ပါက ပုဒ်မ ၄ (၂) အရ မြန်မာနိုင်ငံမှ နှင်ထုတ်စေရန် နိုင်ငံတော်သမ္မတက ညွှန်ကြားပါက နှင်ထုတ်ခြင်းခံရမည်ဟု ပြဋ္ဌာန်းထားကြောင်း၊ နိုင်ငံတော်အစိုးရက ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဥက္ကဋ္ဌ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး အဖွဲ့ဝင်အဖြစ် ပါဝင်ပြီး စုစုပေါင်း အဖွဲ့ဝင် ၂၀ ဦးဖြင့် နိုင်ငံခြားသားများ ကြီးကြပ်စောင့်ရှောက်ရေး ဗဟိုကော်မတီကို ဖွဲ့စည်းတာဝန်ပေးအပ်ထားကြောင်း၊ ထိုကော်မတီသည် နိုင်ငံခြားသား ထိန်းသိမ်းစောင့်ရှောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် လုပ်ငန်းကော်မတီ ၇ ခုကို ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ရာ တိုင်းဒေသကြီး/ပြည်နယ်အလိုက် နိုင်ငံခြားသားများ ကြီးကြပ်စောင့်ရှောက်ရေး လုပ်ငန်းကော်မတီကို တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့၏ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဥက္ကဋ္ဌ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန တိုင်းဒေသကြီး ဦးစီးမှူးက အတွင်းရေးမှူးအဖြစ် စုစုပေါင်း အဖွဲ့ဝင် ၁၈ ဦးဖြင့် ဖွဲ့စည်း တာဝန်ပေးအပ်ထားကြောင်း လုံ/နယ် ဝန်ကြီးက ပြောကြားသည်။
ဆက်လက်၍ ဟိုတယ်များ၏ တာဝန်ခံ သို့မဟုတ် မန်နေဂျာမှ နိုင်ငံခြားသား ရောက်ရှိကြောင်း အစီရင်ခံစာ Form C ပါ အချက်အလက် ၁၅ ချက်ကို ဖြည့်သွင်း၍ သက်ဆိုင်ရာ မြို့နယ်လဝက ဦးစီးမှူးရုံးသို့ ၂၄ နာရီအတွင်း ပေးပို့ တိုင်ကြားလျက်ရှိပါကြောင်းနှင့် E-Form C စနစ်ဖြင့် တိုင်ကြားနိုင်ရေးကိုလည်း စီမံဆောင်ရွက်လျက်ရှိပြီး ရပ်ကွက်၊ နေအိမ်၊ သတ်မှတ်နေရာများတွင် တည်းခိုနေထိုင်သူများ အနက်မှ လူမှုရေးဗီဇာဖြင့် ဝင်ရောက်လာသူများဖြစ်ပြီး အိမ်ရှင် သို့မဟုတ် အာမခံသူမှ နိုင်ငံခြားသားရောက်ရှိကြောင်း အစီရင်ခံစာ Form C ကို ဖြည့်စွက်၍ ၂၄ နာရီအတွင်း သက်ဆိုင်ရာ မြို့နယ် လဝက ဦးစီးမှူးရုံးသို့ တိုင်ကြားရမည်ဖြစ်ကြောင်း ဝန်ကြီးက ဖြေကြားခဲ့သည်။
“လူမှုရေးဗီဇာမှအပ အခြားဗီဇာများဖြင့် ဝင်ရောက်လာပြီး ရပ်ကွက်၊ နေအိမ်၊ သတ်မှတ်နေရာများတွင် ရောက်ရှိနေထိုင်ခြင်း ရှိ မရှိကို ပူးပေါင်းအဖွဲ့များဖြင့် ပုံမှန်စစ်ဆေး ဆောင်ရွက်လျက် ရှိပါကြောင်းနှင့် ဟိုတယ်၊ ကွန်ဒို၊ နေအိမ်များတွင် မမှန်မကန် စာရင်းသွင်း တိုင်ကြားမှုများအား အမည်၊ နေရပ်နှင့်တကွ တိတိကျကျ မေးမြန်းလာပါက အသေးစိတ် စိစစ်ပြီး မှန်ကန်ပါက အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း” လုံ/နယ်ဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင့်က ဖြေကြားသည်။
ထို့ပြင် နိုင်ငံခြားသားများ ဗီဇာစည်းကမ်း ဖောက်ဖျက်မှုများ မဖြစ်ပွားစေရန်နှင့် ဗီဇာဥပဒေများကို လိုက်နာရန်အတွက် သက်ဆိုင်ရာဌာနများ ပါဝင်သည့် ပူးပေါင်းအဖွဲ့များနှင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများထံမှ နိုင်ငံခြားသား ရောက်ရှိနေထိုင်မှုနှင့် ပတ်သက်၍ သတင်းအချက်အလက်များ ရယူခြင်း၊ နိုင်ငံခြားသားများ ရောက်ရှိလာပါက Form C တိုင်ကြားခြင်းအပါအဝင် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအား အသိပညာပေးခြင်း၊ သတင်းပို့တိုင်ကြားထားခြင်း မရှိသည့် နိုင်ငံခြားသားများ စိစစ်တွေ့ရှိရပါက လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ဥပဒေများနှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း လုံ/နယ်ဝန်ကြီးက ပြောကြားခဲ့သည်။

