သက်တံ့
၂၄. ၈. ၂၀၂၆
နယူးဇီလန်အစိုးရသည် အသက် ၁၆ နှစ်အောက် ကလေးများ Instagram နှင့် TikTok ကဲ့သို့သော လူမှုကွန်ရက် (Social Media) များကို အသုံးပြုခွင့် ပိတ်ပင်သည့် ဥပဒေကြမ်းတစ်ခုကို တနင်္လာနေ့ (ဩဂုတ် ၂၄) တွင် စတင်မိတ်ဆက်လိုက်သလို ထိုသို့ စီစဉ်မှုမှာ ကလေးငယ်များကို အွန်လိုင်းဆိုတ်များမှ အကာအကွယ်ပေးရန် ကြိုးပမ်းနေသည့် အခြားနိုင်ငံများအတိုင်း ထပ်တူလုပ်ဆောင်လာခဲ့ခြင်းဖြစ်သည်။
အိမ်နီးချင်း ဩစတြေးလျနိုင်ငံသည် ပြီးခဲ့သည့် ဒီဇင်ဘာလက ကလေးငယ်များ လူမှုကွန်ရက် သုံးစွဲခွင့်ကို ကမ္ဘာ့ပထမဆုံး ပိတ်ပင်သည့် ဥပဒေအား စတင်ကျင့်သုံးခဲ့ပြီးနောက် ဗြိတိန်၊ ပြင်သစ်နှင့် အခြားနိုင်ငံများကလည်း ထိုနည်းတူ လိုက်လံဆောင်ရွက်လျက်ရှိသည်။
နယူးဇီလန်နိုင်ငံ၏ အဆိုပြုထားသော ဥပဒေကြမ်းအရ Meta ကဲ့သို့သော နည်းပညာကုမ္ပဏီများသည် အဆိုပါ စည်းမျဉ်းများကို လိုက်နာရန် ပျက်ကွက်ပါက ၎င်းတို့၏ တစ်ကမ္ဘာလုံးဆိုင်ရာ ဝင်ငွေ (Global Revenue) ၏ ၁၀ ရာခိုင်နှုန်းအထိ ဒဏ်ငွေရိုက်ခံရနိုင်ဖွယ် ရှိသည်။
“နယူးဇီလန်ရဲ့ မျိုးဆက်သစ် ကလေးငယ်တွေအပေါ် ထိခိုက်နေမှုတွေကို ကျွန်တော်တို့ လုံးဝ လက်ခံလို့မရပါဘူး” ဟု ဝန်ကြီးချုပ် ခရစ်စတိုဖာ လက်ဆွန် (Christopher Luxon) က ပြောကြားခဲ့သည်။
ထို့ပြင် “အသက် ၁၃ နှစ်ကနေ ၁၇ နှစ်ကြား ကလေး ၃ ဦးမှာ ၁ ဦးဟာ အခုဆိုရင် တစ်ရက်ကို အနည်းဆုံး ၅ နာရီလောက် လူမှုကွန်ရက်ပေါ်မှာ အချိန်ဖြုန်းနေကြပါတယ်။ လူမှုကွန်ရက်တွေဟာ သူတို့ကို အန္တရာယ်ရှိတဲ့ အကြောင်းအရာတွေ၊ စွဲလမ်းစေတဲ့ နည်းပညာတွေနဲ့ မဖြေရှင်းနိုင်တဲ့ ဖိအားတွေဆီ တန်းတန်းမတ်မတ် ပို့ဆောင်ပေးနေပြီး ဒါဟာ သူတို့ရဲ့ မိသားစုဘဝ၊ စိတ်ကျန်းမာရေး၊ အိပ်စက်မှုနဲ့ ပညာရေးတွေကို ထိခိုက်နေစေပါတယ်” ဟု လက်ဆွန်က ဆိုသည်။
ယင်းအပြင် လက်ဆွန်သည် Instagram၊ TikTok၊ Snapchat နှင့် Facebook တို့ကို သီးသန့် အမည်ဖော်ညွန်းပြောဆိုခဲ့ပြီး အဆိုပါ ပလက်ဖောင်းများအနေဖြင့် “အသုံးပြုသူများသည် အသက် ၁၆ နှစ်အထက် ဖြစ်မဖြစ် စစ်ဆေးရန် သင့်တော်သော အစီအစဉ်များ ပြုလုပ်ရန် လိုအပ်မည်ဖြစ်ကြောင်း” ထုတ်ဖော်ပြောကြားခဲ့သည်။
အဆိုပါ ကုမ္ပဏီများသည် အသက်အရွယ် အတည်ပြုရန်အတွက် “လက်ရှိ အကောင့်အချက်အလက်များ၊ မျက်နှာဖြင့် အသက်ခန့်မှန်းသည့် စနစ်များ၊ ဒီဂျစ်တယ် အိုင်ဒီ ဝန်ဆောင်မှုများနှင့် တရားဝင် အိုင်ဒီများ” ကို အသုံးပြုရမည်ဖြစ်သည်။
ထို့ပြင် ပလက်ဖောင်းများသည် ၎င်းတို့၏ စနစ်များမှ ပေါ်ထွက်လာနိုင်သည့် အန္တရာယ်များကို ဆန်းစစ်ရန်နှင့် ယင်းအန္တရာယ်များကို မည်သို့လျှော့ချနေသည်ဆိုသည်ကို အစီရင်ခံရန် လိုအပ်မည်ဖြစ်ပြီး လိုက်နာရန် ပျက်ကွက်ပါက ပြစ်ဒဏ်များ စည်းကြပ်ခံရမည်ဖြစ်သည်။
ပညာရေးဝန်ကြီး အီရီကာ စတန်းဖို့ဒ် (Erica Stanford) က ယခုဥပဒေကြမ်းသည် “ပလက်ဖောင်းများအပေါ် ဥပဒေကြောင်းအရ တာဝန်ဝတ္တရားများ ပေးအပ်ထားခြင်းဖြစ်ကြောင်း” ပြောကြားခဲ့သလို”ကလေးတွေ၊ သူတို့ရဲ့ မိဘတွေ ဒါမှမဟုတ် အုပ်ထိန်းသူတွေကိုတော့ တစ်စုံတစ်ရာ ပြစ်ဒဏ်ပေးဖို့ အဆိုပြုထားတာမျိုး မရှိပါဘူး” ဟု စတန်းဖို့ဒ်က ပြောသည်။
သို့သော် အာဏာရ အမျိုးသားပါတီ (National Party) ၏ မဟာမိတ်ပါတီများဖြစ်သည့် လစ်ဘရယ် ACT ပါတီနှင့် ပြည်သူ့ဆန္ဒခံယူရေး NZ First ပါတီတို့က ကန့်ကွက်ထားသဖြင့် အဆိုပါ ဥပဒေကြမ်း အတည်ဖြစ်မည်၊ မဖြစ်မည်မှာ မရေမရာ ဖြစ်နေဆဲဖြစ်သည်။
NZ First ပါတီက ထုတ်ပြန်ချက်တစ်ခုတွင် ဩစတြေးလျ၏ ဥပဒေကျင့်သုံးမှုမှာ “အကြီးအကျယ် ပျက်စီးဆုတ်ယုတ်ခဲ့သည်” ကို ထောက်ရှု၍ ယခုဥပဒေကို ထောက်ခံနိုင်မည်မဟုတ်ကြောင်း ပြောဆိုခဲ့ပြီး ACT ပါတီကမူ ယခုဥပဒေသည် “ထိရောက်မည်မဟုတ်” ဟု ယုံကြည်ကြောင်းနှင့် လူငယ်များသည် ထိုပိတ်ပင်မှုကို အလွယ်တကူ ရှောင်ကွင်းသွားနိုင်လိမ့်မည်ဟု ပြောကြားခဲ့သည်။
အဓိက အတိုက်အခံ လေဘာပါတီကမူ အသက်အရွယ် စစ်ဆေးပုံနှင့် မည်သည့် ပလက်ဖောင်းများ ပါဝင်မည်ဆိုသည့် အချက်အပါအဝင် ၎င်းတို့ ထောက်ခံမှု မပေးမီ ဖြေကြားပေးစေလိုသည့် မေးခွန်းပေါင်းများစွာကို တင်သွင်းထားသည်။
“ကျွန်တော်တို့ ဒီဥပဒေကြမ်းကို အလွန် အလေးအနက်ထား ဆောင်ရွက်နေပါတယ်” ဟု လေဘာပါတီ ပြောရေးဆိုခွင့်ရှိသူ ရူးဘင်ဒေးဗစ်ဆန် (Reuben Davidson) က ပြောကြားခဲ့သည့်အပြင် “နယူးဇီလန်နိုင်ငံက လူငယ်တွေရဲ့ ဘေးကင်းရေးဟာ စိန်ခေါ်မှုဖြစ်နေပြီး တိုးတက်ရှုပ်ထွေးလာတဲ့ အွန်လိုင်းပတ်ဝန်းကျင်မှာ သူတို့ ရင်ဆိုင်နေရတဲ့ အန္တရာယ်တွေဟာလည်း ကြီးမားလှပါတယ်” ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။
ဩစတြေးလျနိုင်ငံသည် လွန်ခဲ့သည့်နှစ်က ကလေးငယ်များအား အွန်လိုင်းအနိုင်ကျင့်မှုနှင့် “အန္တရာယ်ရှိသော အယ်လ်ဂိုရစ်သမ်များ” မှ ကာကွယ်ရန်အတွက် အသက် ၁၆ နှစ်အောက် ကလေးများ၏ Facebook၊ Instagram နှင့် TikTok အသုံးပြုခွင့်များကို ပိတ်ပင်ခဲ့သည်။ သို့သော်လည်း ဇွန်လက ထုတ်ပြန်ခဲ့သည့် သုတေသနပြုချက်များအရ အဆိုပါ ပိတ်ပင်မှုကြောင့် လူငယ်များသည် လူမှုကွန်ရက်များသုံးစွဲမှု လျော့ကျသွားသည်ဆိုသည့် အထောက်အထား နည်းပါးကြောင်း တွေ့ရှိရသည်။
Ref: AFP
