April 29, 2024

၁၀. ၁. ၂၀၂၃
MT News Editorial

သယံဇာတကျိန်စာ (Resource Caurse) သင့်နေသော နိုင်ငံတစ်ခုတွင် စီမံအုပ်ချုပ်ခဲ့သူအဆက်ဆက် ညံ့ဖျင်းခဲ့ကြခြင်းကြောင့် ပြည်တွင်းစစ်သည် ၇၅ နှစ်တိုင်ခဲ့ပြီဖြစ်သည်။

ဘာသာအယူဝါဒ၊ နယ်မြေလွတ်လပ်ခွင့်နှင့် သယံဇာတတည်ရှိသည်ဆိုသည့် ပြင်းထန်သောအယူများ​ကြောင့် သယံဇာတပေါများရာ ကချင်၊ ကရင်၊ ရှမ်း၊ ရခိုင် စသောဒေသများတွင် ပြည်တွင်းစစ်မီးမငြိမ်းသည့် ဥပမာရှိသကဲ့သို့ ယနေ့မြန်မာပြည်၏ အခါးသီးဆုံးသော တော်လှန်ရေးကာလ အခြေအနေဆိုးရွားသော မြို့ရွာများကို ကြည့်ပါကလည်း ထိုမြို့ရွာများမှာ ဖွံ့ဖြိုးမှုနိမ့်ပါးပြီး ပညာတတ်သူနည်းပါးသော ဒေသများသာဖြစ်နေသည်ကို တွေ့မြင်ရမည်ဖြစ်ပေသည်။

ထို့အတူ လက်နက်ကိုင်များကြီးစိုးနိုင်သည်မှာလည်း ပညာမတတ်သော ရွာများ၊ ဖွံ့ဖြိုးမှုနိမ့်ကျသော မြို့များ၊ သယံဇာတပေါများပြီး ဆင်းရဲသောပြည်နယ်များသာဖြစ်နေသည်ကိုလည်း သတိချပ်သင့်ပေသည်။

ထိုနေရာတွင် စဥ်းစားရန်မှာ ပညာမတတ်သော ဆင်းရဲသော ပြည်သူများကို မှိုင်းတိုက်ကာ ခိုင်းစားနေသူများမှာ မည်သူနည်း။ ထိုသို့မှိုင်းတိုက်ရန် မည်သူများက ကြံဆောင်သနည်း။ နိုင်ငံဖွံ့ဖြိုးတိုးတက်ပြီး ပြည်သူအသိဉာဏ်ရှိသော တိုင်းပြည်များတွင် ပြည်တွင်းစစ်၊ ဘာသာရေးစစ်မဖြစ်ဘဲ မည်သို့ ဖွံ့ဖြိုးတိုးတက်နေသနည်း။

ခရစ်ယာန်ဘာသာကြီးစိုးထားသော နိုင်ငံတွင် တခြားဘာသာများ ဖိနှိပ်ခံနေရသော်ငြား မည်သည့်အချက်ကြောင့် ကျေနပ်ကြသနည်း။ ထို့နည်းတူ အစ္စလာမ်ဘာသာ ကြီးစိုးသောနိုင်ငံတွင် အခြားဘာသာဝင်များကို ဆိုးရွားပြင်းထန်စွာဖိနှိပ်နေသော်ငြား လူ့အခွင့်အရေးသမားများ မည်သည့်အတွက်ကြောင့် အသံမထွက်သနည်းဆိုသည်ကို လေ့လာရန်အချိန်တန်ပြီဖြစ်ပေသည်။

ထို့အတူ လက်ရှိနွေဦးတော်လှန်ရေးတွင်လည်း တိုက်ပွဲများ ဆိုးရွားပြင်းထန်နေသော ဒေသများမှာ ဘာသာအယူအစွဲပြင်းထန်သော၊ ဆင်းရဲနွမ်းပါးပြီး ဖွံ့ဖြိုးမှုနိမ့်ကျသော ဒေသများသာဖြစ်နေသည့်အပေါ် စဥ်းစားရတော့မည်ဖြစ်ပေသည်။

ယနေ့သည် ကချင်ပြည်နယ်နေ့ဖြစ်ပေသည်။ ကချင်ပြည်နယ်သည်လည်း သယံဇာတပေါကြွယ်ပြီး နယ်မြေတစ်ခုထူထောင်နိုင်သည့် အင်အားရှိပေရာ ယနေ့အထိ လက်နက်ကိုင်နေမှုကြောင့် မငြိမ်းချမ်းမှုမှာလည်း မေးခွန်းထုတ်စရာဖြစ်ပေသည်။

မဖွံ့ဖြိုး၍ လက်နက်ကိုင်၊ လက်နက်ကိုင်၍မဖွံ့ဖြိုး၊ မဖွံ့ဖြိုးဘဲ လက်နက်ကိုင်နေ၍ ဖက်ဒရယ်ဒီမိုကရေစီ မရသည့် လုံးခြာလည်လိုက်နေသော အခြေအနေကို တ​ခြားသော ဖွံ့ဖြိုးပြီး လက်နက်မကိုင်သည့်ဒေသများ၏ တိုးတက်မှု၊ အသိအမှတ်ပြုရမှုနှင့် နှိုင်းယှဥ်ကာ ကချင်လက်နက်ကိုင်များလည်း ချိန်ဆသင့်ပေသည်။

မြန်မာနိုင်ငံသည် သယံဇာတပေါ၍ ခွဲထွက်လိုသဖြင့် လက်နက်ကိုင်၊ လက်နက်ကိုင်နေသဖြင့် ပညာမတတ်၊ ပညာမတတ်သဖြင့် ဦးနှောက်မရှိ၊ ဦးနှောက်မရှိသဖြင့် ပြည်တွင်းစစ်ရှည်ကြာ၊ ပြည်တွင်းစစ်ရှည်ကြာသဖြင့် ပညာမတတ်၊ ပညာမတတ်သဖြင့် လက်နက်ကိုင်၊ လက်နက်ကိုင်နေသဖြင့် မဖွံ့ဖြိုး၊ မဖွံ့ဖြိုးသဖြင့် ခွဲထွက်ခွင့်ကို ဉာဏ်လက်နက်နှင့် မတောင်းဆိုနိုင်၊ ဉာဏ်မရှိသဖြင့် လက်နက်ကိုင်၊ လက်နက်ကိုင်သဖြင့် ဉာဏ်မရှိဆိုသောအခြေအနေတွင် လုံးခြာလည်လိုက်နေပြီး ပြည်တွင်းစစ်ရှည်ကြာနေခြင်းမှာလည်း နိုင်ငံမဖွံ့ဖြိုးခြင်းနှင့် ပြည်သူများ ပညာမတန်ခြင်းမှာ အဓိက ပါဝင်သည့်အချက်ဟု MT News သတင်းဌာနက ယူဆအပ်ပါသည်။

ထို့ကြောင့် မိမိလိုချင်သော ပန်းတိုင်ရောက်ရေးမှာ လက်နက်ကိုင်တိုက်ခိုက်ခြင်းထက် ပညာတတ်ရေးနှင့် ပညာဖြင့်တော်လှန်ရေးလုပ်ဆောင်ခြင်းကသာ အဓိကကျသည်ကို တွေးဆနိုင်သော အသိဉာဏ်ရှိသင့်ပြီဖြစ်ကြောင်း လက်နက်ကိုင်အကြမ်းဖက်ခြင်းဖြင့် လိုချင်သည့်ပန်းတိုင်မရောက်နိုင်ကြောင်းလည်း MT News သတင်းဌာနက အကြံပြုရေးသားအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *