၁၀. ၁. ၂၀၂၃
Written by Ye Kyaw

MSME နှင့် စွန့်ဦးတီထွင်စီးပွားရေးလုပ်ငန်းရှင်များ (Entrepreneurship)တို့သည် အပြန်အလှန် မှီခိုလျက်ရှိပြီး MSME လုပ်ငန်းများ စဥ်ဆက်မပြတ် ပေါ်ထွန်းလာစေရေးအတွက် စွန့်ဦးတီထွင်စီးပွားရေး လုပ်ငန်းရှင်များကို ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း MSME ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းသုံးသပ်မှု အစီရင်ခံရေးအဖွဲ့၏ (၁/၂၀၂၃) အစည်းအဝေးတွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်းက ပြောကြားသည်။

လက်ရှိ SAC အစိုးရအနေဖြင့် ပြည်တွင်းထုတ်လုပ်မှုကို အလေးပေးဆောင်ရွက်လျက်ရှိပြီး MSME လုပ်ငန်းများဘက်မှလည်း ပြည်တွင်း၌ လိုအပ်သော လူသုံးကုန်နှင့် စားသောက်ကုန်များကို အလုံအလောက် ထုတ်လုပ်နိုင်စွမ်းရှိမှသာလျှင် ရည်မှန်းချက်ပြည့်မီနိုင်မည်ဖြစ်သည်။

ထို့ကြောင့် ပြည်တွင်း MSME လုပ်ငန်းများသည် စွန့်ဦးတီထွင်မှု၊ တီထွင် ဆန်းသစ်နိုင်မှု၊ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်းတီးပေးနိုင်မှု၊ ဈေးကွက် လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်မှုများ ရှိမှသာလျှင် နိုင်ငံ၏ GDP တိုးတက်မှုကို တိုက်ရိုက်အကျိုးသက်ရောက်မှု ရှိမည်ဖြစ်ကြောင်း ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်းက ပြောကြားသည်။

မြန်မာနိုင်ငံတွင် MSME လုပ်ငန်းပေါင်း ၄၀,၀၀၀ ကျော်က စီးပွားရေးကဏ္ဍ ၂၄ ခုတွင် အဓိက လုပ်ကိုင်နေကြခြင်းဖြစ်ပြီး ယင်းကဲ့သို့ လုပ်ဆောင်ရာတွင် အစားအစာထုတ်လုပ်သည့်လုပ်ငန်းတွင် ရာခိုင်နှုန်း ၅၀ ကျော်အထိ အများဆုံးလုပ်ကိုင်နေခြင်းဖြစ်ကြောင်း MSME ဖွံ့ဖြိုးတိုးတက်‌ရေးဌာနမှ ထုတ်ပြန်ထားသည့် အချက်အလက်များအရ သိရသည်။

ထို့ပြင် သစ်အချောထည်လုပ်ငန်း၊ သတ္တုမဟုတ်သည့် တွင်းထွက်ပစ္စည်းထုတ်လုပ်သည့်လုပ်ငန်း၊ စက်ကိရိယာများ ပြင်ဆင်ခြင်းနှင့် တတ်ဆင်ခြင်းလုပ်ငန်း၊ ရော်ဘာနှင့် ပလတ်စတစ်ပစ္စည်းလုပ်ငန်း၊ သတ္တုသန့်စင်ပစ္စည်းများထုတ်လုပ်ခြင်းလုပ်ငန်း၊ အထည်လိပ်လုပ်ငန်း စသည့်လုပ်ငန်းများကိုလည်း အများဆုံးလုပ်ကိုင်နေခြင်းဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *