April 29, 2024

၄. ၁. ၂၀၂၃
MT News Editorial

နိုင်ငံရေး သို့မဟုတ် လုပ်ငန်းခွင်ဆိုင်ရာ ရည်မှန်းချက်များရရှိရန် အများပြည်သူအတွင်းသို့ စိတ်ခံစားမှုဆိုင်ရာ ဘက်လိုက်မှုများမှတစ်ဆင့် အကြောက်တရားများ ရိုက်သွင်းသည့် သဘောတရားကို အကြောက်တရားဓလေ့ (Culture of Fear) ဟု ခေါ်ဆိုပေသည်။

”Culture of fear is the concept that people may incite fear in the general public to achieve political or workplace goals through emotional bias.”

အဆိုပါ သဘောတရားကို လူမှုဗေဒဆိုင်ရာ မူဘောင်တစ်ရပ်အဖြစ် ဗြိတိန်ရှိ Kent တက္ကသိုလ်မှ လူမှုဗေဒဆိုင်ရာ ဂုဏ်ထူးဆောင်ပါမောက္ခ Frank Furedi က ဖွံ့ဖြိုးစေခဲ့ပြီးနောက် အမေရိကန်လူမှုဗေဒပညာရှင် Barry Glassner ကြောင့် ပိုမိုလူသိများထင်ရှားလာခဲ့ခြင်းဖြစ်ပေသည်။

ထိုသို့သော အများပြည်သူ လူထုအတွင်း စိတ်ခံစားမှုဆိုင်ရာ ဘက်လိုက်မှုများမှတစ်ဆင့် အကြောက်တရားများ ရိုက်သွင်းကာ နိုင်ငံရေးရည်မှန်းချက်ဆီ သွားရောက်ခြင်းကို ပြီးခဲ့သည့် နှစ်နှစ်အတွင်းက မြန်မာနိုင်ငံတွင် ဆိုးဆိုးရွားရွား ရင်ဆိုင်ခဲ့ရပေသည်။

အာဏာရယူထားသော အစိုးရတစ်ရပ်ကို ဖြုတ်ချနိုင်ရန် ထိုအစိုးရကို ထောက်ခံရဲသူမရှိစေရန် လူထုအကြား အကြောက်တရားမွေးဖွားစေသည့် လုပ်ဆောင်ချက်များအနက် အောင်အောင်မြင်မြင်လုပ်နိုင်ခဲ့သော အကြမ်းဖက်လုပ်ရပ်အချို့မှာ “မိမိတာဝန် မိမိထမ်းဆောင်သော နိုင်ငံ့ဝန်ထမ်းများကို အစိုးရယန္တရားလည်ပတ်အောင်လုပ်ဆောင်သည့် သူလျှို၊ ဒလန်ဟု သတ်မှတ်ကာ သတ်ဖြတ်ခြင်းနှင့် ထိုသို့ အကြမ်းဖက်တိုက်ခိုက်မှုကို မှန်ကန်သည်ဟု ထင်မြင်လာစေရန် အကြောက်တရားများဖြင့် ထိန်းချုပ်ခြင်း လုပ်ရပ်”နှင့် အခြားလုပ်ရပ်မှာ “မိမိတို့၏ စားဝတ်နေရေးအတွက် စီးပွားရှာခြင်းနှင့် ပုံမှန်ရှင်သန်မှုများအတွက် စိတ်အပန်းဖြေချိန်ခဏတာကို တစ်နိုင်ငံလုံး ဒုက္ခရောက်နေချိန် မပျော်ရွှင်ရဟုဆိုကာ ဘုရားပွဲများ၊ ကထိန်များ၊ အလှုများပါမချန် ဗုံးခွဲတိုက်ခိုက်သတ်ဖြတ်ပြီး ထိုသို့လုပ်ဆောင်မှုများကို ဝေဖန်ပါက ထပ်မံသတ်ဖြတ်ခြင်း” ဖြင့် စိတ်ခံစားမှုဆိုင်ရာ ဘက်လိုက်မှုများပြားနေသော လူထုကို အကြောက်တရားနှင့် ဖိအားပေးရာမှတစ်ဆင့် အာဏာရယူထားသော အစိုးရကို ဖြုတ်ချနိုင်ရေး နိုင်ငံရေးရည်မှန်းချက်သို့ သွားရောက်သည့်ပုံစံနှစ်ခုဖြစ်ပေသည်။

ထိုနှစ်ချက်အပြင် အကြောက်တရားများဖြင့် ကြီးပြင်းလာသော မြန်မာလူမျိုးများသည် ယခုမှသာ အကြောက်တရားကို ရင်ဆိုင်ခဲ့ရသည်မဟုတ်ဘဲ သက်ဦးဆံပိုင်ရှင်ဘုရင်ခေတ်၊ အင်္ဂလိပ်နှင့် ဂျပန်ခေတ်၊ တပ်မတော်အစိုးရများခေတ် စသည်ဖြင့် အဆင့်ဆင့်ရင်ဆိုင်ခဲ့ကြရာ အကြောက်တရားများအောက် အသားသေနေခဲ့ရာ လက်ရှိကာလကဲ့သို့ စကားတစ်ခွန်း စာတစ်စင်းနှင့်ပင် ဖမ်းဆီးသတ်ဖြတ်ခံနေရသည့်ကာလများ၌ ထိုသို့သော အကြောက်တရားအောက် ပိုမိုကျရောက်လာသည်ကိုလည်း မြင်ရပေသည်။

ဥပမာအားဖြင့် ယနေ့ကျရောက်သော လွတ်လပ်ရေးနေ့တွင် ပျော်ပွဲရွှင်ပွဲပြုလုပ်သူများကို တိုက်ခိုက်သတ်ဖြတ်မည်ဟု PDF များက ခြိမ်းခြောက်ထားခြင်းနှင့် NUG နှင့် PDF များကို အဓိက ချိတ်ဆက်ထောက်ပံ့နေသည့် အမေရိကန်နှင့် ဗြိတိန်တို့က ဗုံးပေါက်ကွဲမှုဖြစ်ပေါ်နိုင်သည့်နေရာများကို ထုတ်ပြန်လေရာ ပြည်သူလူထုအကြားတွင် အကြောက်တရားကြီးစိုးပြီး ပျော်ပွဲရွှင်ပွဲများ မလုပ်ရဲတော့သည်ကို တွေ့မြင်ရပေသည်။

အမှန်တကယ်တွင်မတော့ ပြည်သူလူထုက စိတ်ပင်ပန်းမှုများကြောင့် ပျော်ပွဲရွှင်ပွဲဆင်နွှဲလိုကြပေသည်။ သို့သော် ပျော်ပွဲရွှင်ပွဲများ လုပ်ချင်သော လူထု၏ဆန္ဒကို “ငါတို့မပျော်ရင် မင်းတို့လည်း မပျော်ရဘူး”ဆိုသည့် အတ္တများ အကြောက်တရားများဖြင့် ထိန်းကွပ်ကာ နိုင်ငံရေးရည်မှန်းချက်သို့ သွားရောက်ရန် ကြံဆနေသူများအနေဖြင့်လည်း ထိုသို့သော အကြမ်းဖက်ခြိမ်းခြောက်ပြီး ထောက်ခံမှုရယူသော မိမိတို့၏ လုပ်ရပ်များကို သုံးသပ်သင့်ပေသည်။

နီးရာဓားကြောက်ရသော လူထုသည် နှစ်ဖက်စလုံးကို ကြောက်ရွံ့ရသော ဓလေ့အကြား ပိုမိုလှောင်ပိတ်လာပြီး မည်သူ့ကိုမျှ ပေါ်ပေါ်ထင်ထင်မထောက်ခံရဲတော့သည့်အပြင် “ငါတို့ဘာသာ စိတ်ပင်ပန်းလို့ပျော်တာတောင် ဒီကောင်တွေက ဗုံးလာခွဲမှာ အလစ်လာ ပစ်သတ်မှာ ကြောက်နေရတယ်” ဟူသော အမြင်များ ဖြစ်ပေါ်နေပြီဖြစ်ရာ ထိုမကျေနပ်မှုစိတ်အခံများသည် လူထုယုံကြည်ထောက်ခံမှုကျဆင်းလာသည့် အရိပ်လက္ခဏာများဖြစ်သည်ကိုလည်း စဉ်းစားချိန်ဆတတ်ရန် လိုအပ်ပေသည်။

မြန်မာလူမျိုးများအပေါ်  အကြောက်တရားဖြင့် ဖိနှိပ်ကာ အုပ်ချုပ်လိုသည့် စိတ်များသည် အမှန်တကယ် ဖက်ဒရယ်ဒီမိုကရေစီစနစ်သို့ သွားရောက်လိုပါက ထိုသို့ လက်နက်အားကိုးဖြင့် ခြိမ်းခြောက်ထောက်ခံစေသည့် အပြုအမူများကို ကနဦးရှောင်ကျဉ်ရမည်ဖြစ်ပြီး လူထုအကြားတွင် မည်သည့်အရာကမှ တကယ်ဖြစ်သင့်သည်ဆိုသည့် တွေးခေါ်စဉ်းစားတတ်သော အသိဉာဏ် မွေးဖွားပေးနိုင်မှုမရှိသ၍ ကြီးမားသော အကြောက်တရားအောက်တွင် အာဏာချုပ်ကိုင်ထားနိုင်သူကသာ ရေရှည်အာဏာရရှိသွားမည့်အခြေအနေကိုလည်း တွေးဆနိုင်ရန် လိုအပ်သည်ဟု လက်နက်ကိုင်အနိုင်ကျင့်နေသူများအားလုံး ဆင်ခြင်သတိပြုမိရန် MT News သတင်းဌာနက အကြံပြုတင်ဆက်လိုပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *