၄. ၁. ၂၀၂၃
Written by Tha Doe

တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်တွင်းအားဖြင့် အဓိကတည်ဆောက်ရမည်ဖြစ်ပြီး ညီညွတ်စွာကြိုးစားပါက ဒေသတွင်းသာမက ကမ္ဘာ့ထိပ်တန်းနိုင်ငံအဖြစ်ပါ မလွဲဧကန်ရောက်ရှိမည်ဖြစ်ကြောင်း SAC ဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့ကျရောက်သည့် စိန်ရတုလွတ်လပ်ရေးနေ့အခမ်းအနားမိန့်ခွန်းတွင် ထည့်သွင်း ပြောကြားသည်။

”တိုင်းပြည်ရဲ့အားဟာ ပြည်တွင်းမှာသာရှိတယ်ဆိုတာ ကျွန်တော်တို့ ဖြတ်သန်းခဲ့တဲ့သမိုင်းက ပြဆိုခဲ့ပါတယ်။ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးကို ပြည်တွင်းအားနဲ့သာ အဓိကထား တည်ဆောက်ကြရပါမယ်။ မြေပေါ်မြေအောက်နဲ့ ရေသယံဇာတကြွယ်ဝပြီး လူသားအရင်းအမြစ်ရှိနေတဲ့ ကျွန်တော်တို့နိုင်ငံဟာ မဖွံ့ဖြိုးမတိုးတက်စရာမရှိပါဘူး။ ကျွန်တော်တို့ ညီညွတ်ရင်၊ ကြိုးစားရင် ကျွန်တော်တို့နိုင်ငံဟာ ဒေသတွင်းမှသည် ကမ္ဘာ့ထိပ်တန်းနိုင်ငံအထိ မလွဲဧကန် ရောက်ရှိမှာဖြစ်ပါတယ်”ဟု SAC ဥက္ကဋ္ဌက ပြောကြားသည်။

နိုင်ငံတော်အနေဖြင့် ပြည့်အင်အားသည် ပြည်တွင်းမှာသာရှိသည်ဟု ခံယူပြီး အမျိုးသားရေး မူဝါဒနှစ်ရပ်ဖြစ်သည့် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးကို ဘက်ပေါင်းစုံ၊ ကဏ္ဍပေါင်းစုံမှ ဦးတည်ကြိုးပမ်း ဆောင်ရွက်နေသည်။ နိုင်ငံ့လူဦးရေ ၇၀ ရာခိုင်နှုန်းခန့်သည် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အသက်မွေး ဝမ်းကျောင်းပြုသည့် ကျေးလက်နေ ပြည်သူများဖြစ်၍ နိုင်ငံသားများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အခြားကဏ္ဍများတွင် နည်းပညာအသုံးပြုပြီး တန်ဖိုးမြှင့်ထုတ်ကုန်များအဖြစ် ပြောင်းလဲ ထုတ်လုပ်ရောင်းချခြင်းဖြင့် ပြည်တွင်းစားသုံးမှုဖူလုံစေရုံသာမက ပြည်ပပို့ကုန်များ ပိုမိုတိုးမြင့်လာပြီး နိုင်ငံသားများ၏ တစ်ဦးချင်းဝင်ငွေ တိုးတက်လာစေမည်ဖြစ်သည်။ ပြည်တွင်းလိုအပ်ချက်ဖြစ်သည့် အခြေခံလူသုံးကုန်ပစ္စည်းများကို ပြည်ပမှတင်သွင်းနေရသူ (Importer) အဖြစ်မှ ပြည်တွင်းလိုအပ်ချက် ပြည့်မီအောင်ထုတ်လုပ်ပြီး ပြည်ပသို့ပြန်လည် တင်ပို့နိုင်သူ (Exporter)အဖြစ်သို့ ရောက်ရှိသည့်အထိ ကြိုးပမ်းဆောင်ရွက်သွားကြရမည်ဟုလည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ​ပြောကြားသည်။

ထို့ပြင် တိုင်းပြည်စီးပွားရေးနှင့် ပြည်တွင်းကုန်ထုတ်လုပ်မှုတိုးမြင့်လာစေရန် အသေးစား၊ အငယ်စားနဲ့ အလတ်စားကုန်ထုတ်လုပ်မှု MSME လုပ်ငန်းများ အောင်မြင်အောင် အားပေးဆောင်ရွက်လျက်ရှိပြီး ထိုသို့ ဆောင်ရွက်ခြင်းအားဖြင့် နိုင်ငံ့စီးပွားရေး အခြေခံကျကျ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သလို ပြည်တွင်းအဓိကကုန်ထုတ်လုပ်မှုများဖြစ်သည့် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများနှင့် သဘာဝသယံဇာတများမှထွက်ရှိသည့် ကုန်ကြမ်းများကို အခြေခံသော ကုန်ချောထုတ်လုပ်မှုလုပ်ငန်းများလည်း တိုးမြင့်လာမည်ဟု ဆိုသည်။

“နိုင်ငံတစ်ခုဖွံ့ဖြိုးတိုးတက်ရေးကိုဆောင်ရွက်ရာမှာ သဘာဝသယံဇာတတွေကို ထုတ်ယူသုံးစွဲသင့်တာ မှန်ပေမယ့်လည်း စည်းစနစ်တကျ ထုတ်ယူသုံးစွဲဖို့လိုပါတယ်။ တိုင်းပြည်နဲ့ နောင်မျိုးဆက်များရဲ့ အနာဂတ်ကို ထည့်သွင်းတွက်ချက်ဆောင်ရွက်ရပါမယ်။ ယခင်ကရရှိခဲ့တဲ့ ထိခိုက်မှုများ အတွက်လည်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို ဆောင်ရွက်သွားရပါမယ်။ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် သယံဇာတများကို ထုတ်ယူအသုံးပြုရာမှာ ကုန်ကြမ်းအဖြစ် ရောင်းချခြင်းထက် ကုန်ချောအဖြစ်တိုးတက်ထုတ်လုပ်ဆောင်ရွက်ခြင်းဟာ ဝင်ငွေပိုမို ရရှိခြင်း၊ ပြည်တွင်းအလုပ်အကိုင်အခွင့်အလမ်း တိုးတက်ဖန်တီးပေးနိုင် ခြင်းနဲ့ ပြည်တွင်း၌ နည်းပညာနှင့်လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေခြင်း စတဲ့အကျိုးကျေးဇူးတွေ ရရှိမှာဖြစ်ပါတယ်။ ဒါ့အပြင် အိမ်သုံးနဲ့ ကုန်ထုတ်လုပ်မှုလုပ်ငန်းသုံးအတွက် လျှပ်စစ်ဓာတ်အား ပြည့်ဝစွာထုတ်လုပ်နိုင်ဖို့နဲ့ လုံလောက်စွာရရှိဖို့အတွက် နည်းလမ်းများ ရှာဖွေဆောင်ရွက်လျက်ရှိပါတယ်။ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်များဖြစ်တဲ့ ရေအားနဲ့ နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းများဆောင်ရွက်နိုင်ခဲ့ပြီး အလားအလာရှိတဲ့ လေအားလျှပ်စစ်၊ ရေအားလျှပ်စစ်စီမံကိန်းတွေအပါအဝင် အဏုမြူစွမ်းအင်ကို ငြိမ်းချမ်းစွာအသုံးပြုပြီး လျှပ်စစ်ကဏ္ဍအပါအဝင် အခြားအကျိုးပြုကဏ္ဍများမှာ အသုံးပြုနိုင်ရေးကိုလည်း အကောင်အထည်ဖော် ဆောင်ရွက်သွားမှာဖြစ်ပါတယ်” ဟု SAC ဥက္ကဋ္ဌက ဆက်လက်ပြောကြားသည်။

Leave a Reply

Your email address will not be published. Required fields are marked *