


၂၃.၁၁.၂၀၂၆.
Translated by Htwe Ko Tun
အင်ဒိုနီးရှားနိုင်ငံ၊ ဂျာဗားကျွန်းရှိ သကြားလုံးစက်ရုံတစ်ရုံတွင် အလွန်ပြင်းထန်သော မီးလောင်မှုတစ်ခု နိုဝင်ဘာလ ၂၁ ရက်က ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ သုံးဦး သေဆုံးခဲ့ပြီး လူအများအပြား ပျောက်ဆုံးနေဆဲဖြစ်ကြောင်း တာဝန်ရှိသူများက နိုဝင်ဘာလ ၂၂ ရက်တွင် ပြောကြားခဲ့ကြပြီး၊ ဤဖြစ်ရပ်သည် ပိုမိုကြီးမားသော ဘေးဆိုးကြီးတစ်ခု ဖြစ်လာမည်ကို စိုးရိမ်မှုများ မြင့်တက်လျက်ရှိသည်။
ပျောက်ဆုံးနေသူ အလုပ်သမားအရေအတွက်မှ ၃၇ ဦး ထိရှိပြီး အင်ဒိုနီးရှား ကယ်ဆယ်ရေးအဖွဲ့များက ရှာဖွေမှုများ ပြုလုပ်နေကြောင်း တာဝန်ရှိသူများက နိုဝင်ဘာလ ၂၂ ရက်တွင် ပြောကြားခဲ့ကြကြောင်း လည်းသိရသည်။
အဆိုပါ မီးလောင်မှုသည် ဂျာဗားကျွန်းရှိ Fonusa Agung Mulia စက်ရုံတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး၊ ၎င်းနေရာသည် မြို့တော် ဂျကာတာ၏ အနောက်ဘက် ကီလိုမီတာ ၅၀ (မိုင် ၃၀ ခန့်) အကွာတွင် တည်ရှိသည်။
ဖြစ်ပွားရာနေရာမှ ရိုက်ကူးထားသော ရုပ်သံမှတ်တမ်းများတွင် အလုပ်သမားများ၏ မိသားစုဝင်များက သတင်းအစအနတစ်ခုခု ရရှိရန် စောင့်ဆိုင်းနေကြသည်ကို တွေ့မြင်ရသည်။
နိုဝင်ဘာလ ၂၁ ရက် မွန်းလွဲပိုင်းတွင် စက်ရုံ၌ မီးလောင်ကျွမ်းမှု စတင်ဖြစ်ပွားခဲ့ကြောင်း ဒေသတွင်း ရှာဖွေကယ်ဆယ်ရေးအေဂျင်စီမှ တာဝန်ရှိသူ ရစ်ဇ်ကီ ဒွီယန်တို က ပြောကြားသည်။
၎င်းက “ပူးပေါင်း ရှာဖွေကယ်ဆယ်ရေးအဖွဲ့အနေနဲ့ မြေပြင်မှာရှိတဲ့ ဝန်ထမ်းတွေရဲ့ ဘေးကင်းလုံခြုံရေးကို ဦးစားပေးရင်း၊ ထိခိုက်ခံစားရသူတွေကို ရှာဖွေတွေ့ရှိနိုင်ဖို့ အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်နေပါတယ်” ဟု ထပ်လောင်းပြောကြားခဲ့သည်။
မီးလောင်မှုကြောင့် ဒဏ်ရာရရှိသူလေးဦးကို အနီးနားရှိ ဆေးရုံနှင့် ကျန်းမာရေးစင်တာသို့ ပို့ဆောင်ထား ကြောင်း ရစ်ဇ်ကီက ပြောခဲ့သည်။ ထို့အပြင် အလုပ်သမား ၁၁ ဦးကို အသက်ရှင်လျက် ကယ်တင်နိုင်ခဲ့သော်လည်း အခြားလူအများအပြားမှာ ပျောက်ဆုံးနေဆဲဖြစ်ကြောင်း သိရသည်။
တာဝန်ရှိသူများသည် မီးသတ်ကား ၁၅ စီးကို ဖြစ်ပွားရာနေရာသို့ စေလွှတ်ခဲ့ပြီး၊ ရဲတပ်ဖွဲ့၊ စစ်တပ်၊ ကြက်ခြေနီအဖွဲ့နှင့် စေတနာ့ဝန်ထမ်းများ ပါဝင်သည့် ကယ်ဆယ်ရေးအဖွဲ့ကိုလည်း နေရာချထားပေးခဲ့သည်။
နိုဝင်ဘာလ ၂၂ ရက် အခြေအနေအရ မီးကို အများစု ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။ သို့သော် စက်ရုံ၏ နေရာအနှံ့အပြားသို့ ဝင်ရောက်နိုင်ရန်အတွက် မီးသတ်တပ်ဖွဲ့ဝင်များသည် အပူချိန်လျော့ကျစေရေး လုပ်ငန်းစဉ်များကို အရှိန်အဟုန်ဖြင့် ဆက်လက်လုပ် ဆောင်နေကြောင်း ခရိုင်မီးသတ်ဌာန၏ လုပ်ငန်းလည်ပတ်မှုဆိုင်ရာ အကြီးအကဲ တူဘာဂတ်စ် မာဖွတ်က ပြောသည်။
အဆောက်အအုံ၏ အချို့နေရာများတွင် အပူရှိန်မြင့်မားနေဆဲဖြစ်ကြောင်း ၎င်းက ထောက်ပြပြောဆိုသည်။
“ကျွန်တော်တို့အနေနဲ့ ထိန်းချုပ်နိုင်ပြီးသား နေရာတွေမှာ ရှာဖွေစစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်၊ အဆောက်အအုံရဲ့ အစိတ်အပိုင်းတချို့ ပြိုကျပျက်စီးနေသလို၊ အလင်းရောင် အလုံအလောက် မရှိတာကြောင့် မီးသတ်တပ်ဖွဲ့ဝင်တွေအနေနဲ့ အလွန်သတိထားပြီး ဆောင်ရွက်နေရပါတယ်။” ဟု လည်း မာဖွတ် က ပြောခဲ့သည်။ “
အင်ဒိုနီးရှား အာဏာပိုင်များအနေဖြင့် မီးလောင်ကျွမ်းရသည့် အကြောင်းရင်းကိုမူ မဖော်ပြနိုင်သေးပေ။
အနည်းဆုံး လူ သုံးဦး သေဆုံးကြောင်း အတည်ပြုထားသော်လည်း သေဆုံးသူ အရေအတွက် အတိအကျကို ချက်ချင်း မသိရှိရသေးပေ။ Reuters သတင်းဌာနကမူ ရဲတပ်ဖွဲ့သည် အခင်းဖြစ်နေရာမှ ရုပ်အလောင်းထည့်အိတ် ၂၄ အိတ်ကို သယ်ထုတ်လာခဲ့ကြောင်း ဖော်ပြခဲ့သည်။
တစ်ဘက်တွင်လည်း ကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ် နိုဝင်ဘာလ ၂၁ ရက် တွင် အဆိုပါနေရာ၌ လူပေါင်း ၃၀၀ ခန့် ရှိနေခဲ့ပြီး၊ မီးစတင်လောင်ကျွမ်းချိန်တွင် အလုပ်သမား ၆၅ ဦးမှာ မီးလောင်ရာ ဧရိယာအတွင်း ရှိနေခဲ့သည်ဟု ယူဆရကြောင်း ပြောကြားခဲ့သည်။
သေဆုံးသူများ၏ အထောက်အထားကို ခွဲခြားသတ်မှတ်ရေး တာဝန်ယူထားသည့် ရဲအရာရှိကြီး ဝါယူ ဟီဒါယာတီ က သေဆုံးသူများ၏ မိသားစုဝင်များအနေဖြင့် မျိုးဗီဇ နမူနာများနှင့် အခြားအချက်အလက်များကို ပေးပို့ကြရန် တိုက်တွန်းခဲ့သည်။ သေဆုံးသူများ၏ အခြေအနေမှာ ကြည့်ရှုရုံမျှဖြင့် မည်သူမည်ဝါဖြစ်ကြောင်း ခွဲခြားသိရှိနိုင်ရန် မဖြစ်နိုင်တော့သည့် အခြေအနေမျိုး ဖြစ်နေကြောင်းလည်း ၎င်းက သတိပေးပြောကြားခဲ့သည်။
ဘန်တင် ပြည်နယ်၊ ဆီရန်ခရိုင်တွင် တည်ရှိသော ဤစက်ရုံသည် ကမ္ဘာတစ်ဝန်း နိုင်ငံပေါင်း ၄၀ ကျော် သို့ တင်ပို့ရောင်းချနေသည့် အင်ဒိုနီးရှားနိုင်ငံ၏ နို့အခြေခံ သကြားလုံး Milkita နှင့် မုန့်သရေစာ အမျိုးမျိုးကို ထုတ်လုပ်သည့် စက်ရုံဖြစ်သည်။
ဤမီးလောင်ကျွမ်းမှုသည် မကြာသေးမီနှစ်များအတွင်း အင်ဒိုနီးရှားနိုင်ငံ၌ ဖြစ်ပွားခဲ့သည့် လူသေဆုံးမှုများ ဖြစ်ပေါ်စေသော စက်မှုလုပ်ငန်းခွင် မီးလောင်ကျွမ်းမှုများထဲမှ နောက်ဆုံးဖြစ်ရပ်တစ်ခု ဖြစ်ပြီး၊ နိုင်ငံအတွင်းရှိ လုပ်ငန်းခွင် ဘေးကင်းလုံခြုံရေး စံနှုန်းများနှင့် ပတ်သက်၍ မေးခွန်းထုတ်စရာများ ဖြစ်လာစေသည်။
Ref-Reuters
