၂.၁.၂၀၂၃
Written by Phyo Wei

ရုရှားသမ္မတ ပူတင်ဟာ အမေရိကန်သမ္မတ ဘိုင်ဒန်ကို နှစ်သစ်ကူးဆုတောင်းပို့ဖို့စိတ်ကူးမရှိသလို အမေရိကန်ကလည်း ပူတင့်ကို လုပ်ကြံဖို့အထိ ကြိုးစားလာတယ်ဆိုတဲ့ နိုင်ငံကြီးတွေအကြား ပဋိပက္ခတွေအရှိန်မြင့်လာချိန်မှာ မြန်မာနိုင်ငံဆီကိုလည်း တရုတ်အထူးကိုယ်စားလှယ်ဆွန်ကော့ရှန် နေရာဆက်ခံတယ်ဆိုတဲ့ တရုတ်သံအမတ်ကြီး တိန့်ရှီဂျွန်းရောက်လာပြီး EAOs အဖွဲ့တွေနဲ့ တွေ့ခဲ့သလို SAC ဥက္ကဋ္ဌနဲ့ပါ တွေ့တယ်ဆိုတဲ့ ဒီရက်သတ္တပတ်ဟာ ရင်မောစရာအားပြိုင်မှုတွေ အပြည့်နဲ့ပါ။ တစ်ဖက်မှာလည်း အမေရိကန်နဲ့ ဗြိတိန်တို့က NUG နဲ့ PDF တွေ ဗုံးခွဲဖို့ နေရာအချက်ပြသလိုမျိုးဖြစ်လာနိုင်တဲ့ နေရာအတိအကျနဲ့ပါ သူတို့နိုင်ငံသားတွေကို ရှောင်ရှားဖို့ သတိပေးချက်ထုတ်ခဲ့တာတွေ တွေ့ခဲ့ရသလို နှစ်သစ်ကို ကြိုဆိုတဲ့အနေနဲ့ တပ်မတော်ကလည်း ၂၀၂၃ တစ်နှစ်ပတ်လုံး အပစ်အခတ်ရပ်စဲမယ်လို့ ထူးထူးခြားခြားထုတ်ပြန်လာခဲ့တာ NSPNC နဲ့ EAOs တွေဟာ မတွေ့တော့ဘူးလို့ သတင်းမီဒီယာတွေကိုဖြေပြီးမှ EAOs ငါးဖွဲ့က ရုတ်တရက်တွေ့တာ စတဲ့ နိုင်ငံရေးဖြစ်စဉ်တွေကလည်း မျက်ခြေမပြတ်ကြည့်နေရင်းကို အပြောင်းအလဲမြန်နေတဲ့ ဒီရက်သတ္တပတ်ရဲ့ နိုင်ငံရေးသုံးသပ်ချက်အဖြစ်တော့ အင်အားတစ်သိန်းလောက်ပဲရှိတယ်ဆိုတဲ့ PDF၊ အမေရိကန်ကို ကြိမ်းမောင်းလာတဲ့ မြန်မာနိုင်ငံနဲ့ အားတင်းကျော်ဖြတ်ရမဲ့ ၂၀၂၃ ခုနှစ်အကြောင်းတွေကို တင်ပြချင်ပါတယ်။

အင်အားတစ်သိန်းလောက်နဲ့ PDF

ပအဖ၊ ပကဖ၊ PDF၊ LPDF၊ ပြောက်ကျား ဘယ်လိုပဲ အမည်ပြောင်းလဲပြောင်းလဲ PDF လို့ပဲ အများသိကြတဲ့ NUG ရဲ့ စုဖွဲ့နိုင်မှုဟာ အင်အားတစ်သိန်းလောက်ပဲရှိတယ်လို့ MNDAA ရဲ့ စစ်ဦးစီးချုပ် ဖုန်တဲရင်က ၂၀၂၃ သဝဏ်လွှာမှာ ပြောလာမှုဟာ PDF အင်အားကို ခန့်မှန်းနိုင်စေခဲ့ပါတယ်။ တစ်ဖက်မှာလည်း ဝန်ကြီးတွေ၊ ဒုဝန်ကြီးတွေနဲ့ ငွေကိုင်သုံးရတဲ့ သူတွေသာ ကြော့ကြော့မော့မော့နေ အလှပြင်ပြီး အေးချမ်းနေပေမဲ့လည်း အောက်ခြေ PDF တွေကတော့ လက်နက်မရှိ၊ ကျည်မရှိ၊ စားစရာမရှိနဲ့ အလှူခံနေရသလို လူထုထောက်ခံလှူဒါန်းမှုကလည်း လျော့ကျလာနေတာကို တွေ့နေရပါတယ်။

ပြည်သူလူထုတစ်ရပ်လုံးက ပါဝင်ထောက်ခံတယ်လို့ ဘယ်လိုပဲကြွေးကြော်ကြွေးကြော် ပကတိအင်အားကတော့ တစ်သိန်းလောက်ပါပဲ။ ဘယ်တုန်းကမှ လူ ၁၀၀၀၀ မပြည့်ဖူးတဲ့ EAOs အတွက်တော့ လူတစ်သိန်းဆိုတာ အရမ်းများလှပြီထင်နေနိုင်ပေမဲ့လည်း လက်ရှိအချိန်မှာကို လူအင်အား ၄ သိန်းလောက်ရှိနေပြီး ပြည်သူ့စစ်အဖွဲ့ ရာထောင်ချီဖွဲ့လာနေတဲ့ တပ်မတော်ကို ယှဉ်ပြိုင်အနိုင်ယူဖို့အတွက်တော့ လက်နက်၊ ငွေကြေး၊ လူအင်အား ဘယ်လိုမှ ယှဉ်ပြိုင်နိုင်စွမ်းမရှိတာကို မြင်သာနေပါတယ်။ စိတ်ဓာတ်ရှိတယ်။ လူထုထောက်ခံတယ်လို့ ပြန်ပြောနိုင်ပေမဲ့လည်း ရှိတယ်ဆိုတဲ့ စိတ်ဓာတ်နဲ့ စိတ်ပျက်လက်ပျက်ဖြစ်နေတဲ့ လူထုရဲ့ အကြောက်လွန်ထောက်ခံမှုတွေက တကယ်ရော စစ်မှန်ရဲ့လားဆိုတာကတော့ ကိုယ့်ကိုယ်ကိုယ်ပဲ မေးခွန်းထုတ်ကြရပါမယ်။

အမေရိကန်ကို ကြိမ်းမောင်းတဲ့ မြန်မာ

အမေရိကန်ဟာ မြန်မာနိုင်ငံတိုးတက်ကောင်းစားစေချင်တဲ့စိတ်နဲ့ မြန်မာ့နိုင်ငံရေးမှာ ပါဝင်ပတ်သတ်နေတာ မဟုတ်ဘူးဆိုတာ ၂၀၁၂ ဦးသိန်းစိန် မြစ်ဆုံရပ်လို့ တရုတ်နိုင်ငံနဲ့ အကြီးအကျယ်ခွာပြဲချိန်မှာ မြန်မာ့တိုးတက်ရေး ဘာမှမကူညီပေးဘဲ လျစ်လျူရှုခဲ့ချိန်၊ လူထုရွေးကောက်တင်မြောက်တယ်ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်အာဏာရလာချိန်မှာလည်း ထူးခြားတဲ့ ကူညီမှုမပြုဘဲ ပေယျာလကံထားတဲ့အချိန်၊ ဒေါ်အောင်ဆန်းစုကြည်က တရုတ် BRI အတွက် စီမံကိန်း ၃၃ ခုကို လက်မှတ်ထိုးလိုက်ချိန်မှာ မြန်မာ့ရွေးကောက်ပွဲကို ဝင်ရောက်မွှေနှောက်ပြီး ဒေါ်လာ ၄၆ သန်းလောက် ကြားကနေ ထောက်ပံ့ပြီး ခလောက်ဆန်ခဲ့တာတွေ ကြည့်မယ်ဆိုရင် သူတို့ဟာ တရုတ်ရဲ့ BRI မဟာဗျုဟာအောင်မြင်ပြီး တရုတ်က အမေရိကန်ကို လွယ်လွယ်လေးကျော်တက်သွားမှာ မလိုချင်လို့ ဒီမဟာဗျူဟာရဲ့ အချက်အခြာကျဒေသတစ်ခုဖြစ်တဲ့ မြန်မာ့မြေမှာ လာမွှေနေတာ ထင်ရှားပါတယ်။

ပြီးခဲ့တဲ့ နှစ်မှာလည်း အမေရိကန်ရဲ့ စစ်ရေးအသုံးစရိတ် NDAA မှာ မြန်မာ့အရေးဒေါ်လာသန်းရာချီ ထောက်ပံ့မယ် မက်လုံးပေးခဲ့လို့ အခုပဲ အမေရိကန်တပ်ကြီးလာတော့မယောင် မစားရဝခမန်း မက်လုံးပေးသူတွေကြားမှာ နားယောင်တဲ့လူငယ်တွေဟာ လက်နက်ကိုင်သွားလို့ ပျောက်သောလမ်းမှာ စမ်းတဝါးဝါးဖြစ်ခဲ့ရပြီး ကြားထဲက NGO တွေနဲ့ စီမံကိန်းပရိုပိုဆယ်တင်ပြီး လုပ်စားတတ်သူတွေ ချမ်းသာသွားကြသလို NUG က လူကြီးနေရာယူထားတဲ့သူတွေဘဝကလည်း သူတို့အိပ်မက်မမက်ဖူးတဲ့ တတိယနိုင်ငံတွေမှာ လူရာဝင်ပြီး ထောက်ပံ့လှူဒါန်းမှုတွေနဲ့ ဘေးကင်းအေးချမ်းနေပြန်ပါတယ်။ ဒီနှစ် NDAA မှာလည်း PDF တွေကို ထောက်ပံ့မယ်လို့ ဖော်ပြလာတဲ့အတွက် စိတ်အားတက်ကြွမှုရဲ့ ဂယက်တိုက်ပွဲတွေဆက်လာလို ကော့ကရိတ်ဘက်မှာ မြို့သိမ်းတိုက်ပွဲဆင်နွှဲရာက CDM ဆရာဝန်တစ်ယောက်အပါအဝင် အများအပြားသေဆုံးကုန်တာတွေ တွေ့ရပါတယ်။

ဒီလိုမျိုး မြန်မာ့အပေါ် စေတနာမမှန်ဘဲ ဝင်ရောက်ခလောက်ဆန်မှုတွေကြောင့် SAC ရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနကို NDAA မှာ PDF နဲ့ IIMM ကို ထောက်ပံ့မယ်ဆိုတဲ့အချက် ပြင်းထန်စွာကန့်ကွက်တဲ့ သံတမန်စာပို့ခဲ့သလို ဝါရှင်တန်မြို့က မြန်မာသံရုံးယာယီတာဝန်ခံက အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အရှေ့အာရှနှင့် ပစိဖိတ်ရေးရာဌာန၊ မြန်မာနိုင်ငံတာဝန်ခံ ညွှန်ကြားရေးမှူးထံ ဒီဇင်ဘာ ၁၆ ရက်မှာ ဆက်သွယ်ပြီး တရားဝင် ထပ်မံကန့်ကွက်ခဲ့ပါတယ်။ ဒါ့အပြင်လည်း နိုင်ငံခြားရေးဝန်ကြီးဌာန၊ မဟာဗျူဟာလေ့လာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ကလည်း ရန်ကုန်မြို့၊ အမေရိကန်သံရုံးက သံရုံးဒုတိယအကြီးအကဲ Ms. Deborah C. Lynn ကို ဒီဇင်ဘာ ၁၆ ရက်မှာ နိုင်ငံခြားရေးဝန်ကြီးဌာန(ရန်ကုန်)ဆီ ဆင့်ခေါ်တွေ့ဆုံ ပြင်းထန်စွာကန့်ကွက်ခဲ့ပြီး အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနကို ပေးပို့ခဲ့တဲ့ သံတမန်စာ(မူရင်း) ကို လက်ရောက်ပေးအပ်ပြီး မြန်မာ့ဘက်က အမေရိကန်လုပ်ရပ်ကို လက်မခံကြောင်း ကန့်ကွက်ခဲ့ပါတယ်။ ဒီလိုမျိုးလုပ်ရပ်ဟာ အမေရိကန်လုပ်သမျှ ခံနေရတဲ့ မြန်မာလို နိုင်ငံတစ်ခုရဲ့ ဆယ်စုနှစ်များစွာအတွင်း ပထမဆုံးကြိမ်းမောင်းမှုလို ပြောနိုင်သလို မင်းတို့ လာရှုပ်တိုင်း လက်မခံတော့ဘူးလို အသိပေးတဲ့ သဘောလည်း သက်ရောက်တယ်လို့ ပြောရပါမယ်။

အားတင်းကျော်ဖြတ်ရမဲ့ ၂၀၂၃

၂၀၂၂ ခုနှစ်ကို စိတ်ရှည်သည်းခံမှုနဲ့ အကောင်းဆုံးကျော်ဖြတ်ခဲ့ပြီး ၂၀၂၃ ကိုတော့ သတိရှိဖို့နဲ့ ပိုမိုအသိရှိမှ ကျော်ဖြတ်နိုင်မယ်လို့ SAC ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောလာပါတယ်။ မှန်ပါတယ်။ လက်နက်ကိုင်ပဋိပက္ခကြားမှာ နှစ်ဖက်ခေါင်းဆောင်တွေ အေးချမ်းနေပေမဲ့ တကယ်ဒုက္ခကြုံနေတာက နိုင်ငံနဲ့ ပြည်သူပါ။ အခုဆိုရင် NUG ဘက်ကလည်း ပြည်သူ ၂၅၀၀၀ လောက် သတ်ထားတယ်လို့ NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောထားသလို ဒီအထဲမှာ တပ်ဘက်နဲ့ မဆက်နွှယ်ဘဲ အရပ်ဘက်ဝန်ထမ်းတွေ၊ ရပ်ကျေးဝန်ထမ်းတွေ၊ သံဃာတွေ၊ သီလရှင်တွေ၊ ဆရာ၊ ဆရာမတွေ ပါဝင်နေပြီး စုစုပေါင်း ၄၁၀၀ လောက်ကို NUG က သတ်ထားတယ်လို့ SAC က ပြောထားသလို ဒီပဋိပက္ခအတွင်းမှာ SAC ကြောင့် ပြည်သူ ၂၆၈၈ သေဆုံးထားတယ်လို့လည်း AAPP က စွပ်စွဲထားပါတယ်။ ဒီပမာဏထဲမှာ လက်နက်ကိုင်တော်လှန်တယ်ဆိုတဲ့ PDF တွေက အများဆုံးပါဝင်နေတာကိုလည်း တွေ့ရသလို အပြန်အလှန်စွပ်စွဲကြတဲ့ သေဆုံးမှုနှစ်ခုကြည့်မယ်ဆိုရင်တောင် ဘယ်အဖွဲ့အစည်းက တရားလက်လွတ်ပိုသတ်နေတယ်ဆိုတာ မြင်ရမှာဖြစ်ပါတယ်။

နောက်တစ်ခါ SAC ကြောင့် လူနေအိမ်ခြေ ၄၀၀၀၀ လောက်မီးရှို့ခံထားရတယ်ဆိုပြီး ပြောနေသလို NUG နဲ့ PDF တွေကလည်း ပြည်သူ့စစ်ဖွဲ့ထားတဲ့ရွာတွေကို ပျုရွာဆိုပြီး ဗုံးနဲ့ပစ်လိုက် ဒရုန်းနဲ့ပစ်လိုက် ရွာလုံးကျွတ်မီးရှိလိုက်လုပ်နေကြတာလည်း မငြင်းနိုင်တဲ့အမှန်တရားပါပဲ။ နှစ်ပေါင်း ၇၀ ကျော် EAOs တွေနဲ့ တပ်မတော် စစ်ဖြစ်လာခဲ့ပေမဲ့ NUG လက်နက်ကိုင်သလိုမျိုး ရွာပေါင်းထောင်ချီ၊ အိမ်ပေါင်းသောင်းချီ မီးရှို့ဖျက်ဆီးခံရတယ်ဆိုတာ လုံးဝမရှိခဲ့ပေမဲ့ NUG တိုက်ပွဲဆင်နွှဲတော့မှ ဘာကြောင့် ဒီလိုဖြစ်နေရတာလဲဆိုရင် ရွာတွေမြို့တွေကို မှီခိုကပ်ပြီး တိုက်ပွဲဆင်နွှဲကြလို့ပါ။ ဘယ် EAOs ကမှ ရွာတွေ မြို့တွေကပ်ပြီး တိုက်ပွဲဖော်ဆောင်မှုလုပ်လေ့မရှိတာကို အတုယူနိုင်ရင် နှစ်ဖက်ကြားမှာ ပြည်သူ့နေအိမ်ပျက်စီးရမှုလွတ်မှာပါ။ အခုအချိန်မှာ အပြန်အလှန်ပစ်ခတ်မှုတွေကြောင့် ပြည်သူ့နေအိမ်ပျက်စီးရသလို တပ်မတော်စစ်ကြောင်းထိုးလာချိန်မှာလည်း အလွယ်တကူမလိုက်နိုင်အောင်နဲ့ တပ်ကိုအပြစ်ပုံချလို့ရအောင် မီးရှို့ပြီးမှ ဆုတ်ခွာကြတယ်ဆိုတဲ့အသံတွေကလည်း ဒေသအနှံမှာကျယ်လောင်လာတာကို NUG ဟာ သတိပြုမိဖို့ လိုအပ်မှာပါ။

၂၀၂၁ နဲ့ ၂၀၂၂ မှာ ဒီလိုမျိုး ထိခိုက်ပျက်စီးရတာကို ချိန်ဆကြည့်ရုံနဲ့တင် ၂၀၂၃ ခုနှစ်မှာ ရွေးကောက်ပွဲလုပ်မဲ့ SAC နဲ့ ရွေးကောက်ပွဲဖျက်မဲ့ NUG ကြားမှာ နိုင်ငံနဲ့ပြည်သူတွေပဲ ပိုပြီး အခက်ကြုံရဦးမှာဖြစ်သလို မြိုါတွေ၊ ရွာတွေပဲ ထပ်ပျက်ဦးမှာမို့လို့ ရပ်ရွာအခြေပြုတိုက်ပွဲဆင်နွှဲပြီး ထွက်ပြေးရင် မီးတိုက်ခဲ့တဲ့ အကျင့်တွေလည်း ပြင်ပေးကြပါဦးလို့ တင်ပြရင်း ဒီတစ်ပတ်ရဲ့ နိုင်ငံရေးသုံးသပ်ချက်ကို ရပ်နားလိုက်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News