၅.၁၂.၂၀၂၅
Written by NYL
ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ)မှ ရန်ကင်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အောင်နိုင်ရေးဆိုင်းဘုတ်များစိုက်ထူ ဖွင့်လှစ်ပွဲကို ဒီဇင်ဘာ ၅ ရက်၊ နံနက် ၉ နာရီခွဲတွင် ပြုလုပ်ခဲ့သည်။
အဆိုပါ အောင်နိုင်ရေးဆိုင်းဘုတ်များကို ကျားဖြူပါတီမှ ရန်ကင်းမြို့နယ်ကိုယ်စားပြုယှဉ်ပြိုင်မည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးအောင်သိန်း၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း(FPTP) ဦးအောင်ဇော်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်(FPTP) ဦးမျိုးအောင်နှင့် ရန်ကုန်တိုင်းဒေသကြီး၊ ရခိုင်တိုင်းရင်းသားကိုယ်စားလှယ်လောင်း ဦးတင်မောင်တို့ အောင်သပြေနံ့သာရည်များ ပက်ဖြန်း၍ လိုက်လံဖွင့်လှစ်ခဲ့ကြသည်။
ရန်ကင်းမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးအောင်သိန်းက “ကျွန်တော်က ဥပဒေသမားဆိုတော့ ဥပဒေနဲ့ပြောရမယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၈(က)မှာ မည်သူမဆို လွတ်လပ်စွာ ရွေးချယ်နိုင်ခွင့်ရှိတယ်။ နောက်ပြီးတော့ ၃၈(ခ) မှာ ကိုယ်ရွေးချယ်လိုက်တဲ့ သူကို သဘောမကျရင်၊ ညံ့ဖျင်းရင် အဲ့ဒီလူကိုပြန်ပြီးတော့ လွှတ်တော်ကိုယ်စားလှယ်ကနေ ထုတ်ပယ်လို့ရတယ်။ အဲဒါကိုကျွန်တော်ပြောချင်တယ်။ အဲဒီတော့ လွတ်လွတ်လပ်လပ်မဲပေးကြပါ” ဟု ပြောကြားခဲ့သည်။
ထို့နောက် အောင်နိုင်ရေးဆိုင်းဘုတ်များကို ရန်ကင်းမြို့နယ်၊ ၁၃ ရပ်ကွက်၊ မိုးကောင်းလမ်းရှိ ဟိန္ဒူဘုရားရှိခိုးကျောင်းအနီး၊ ကန်ဘဲ့ဘူတာရုံလမ်းထိပ်၊ ရန်ကင်းဈေးရှေ့ ရန်ရှင်းလမ်းပေါ်တို့တွင် စိုက်ထူခဲ့ကြသည်။
၂၀၂၅ ရွေးကောက်ပွဲတွင် ကျားဖြူပါတီသည် ရန်ကုန်တိုင်းဒေသကြီး၌ လွှတ်တော်ကိုယ်စားလှယ်စုစုပေါင်း ၁၂၄ ဦးပါဝင်ယှဉ်ပြိုင်မည်ဖြစ်သည်။
ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ(ကျားဖြူပါတီ)တွင် ဥက္ကဋ္ဌအဖြစ် ဦးစိုင်းအိုက်ပေါင်းက ဆောင်ရွက်လျက်ရှိပြီး နိုင်ငံတစ်ဝန်းစည်းရုံး ယှဉ်ပြိုင်မည့်ပါတီများအနက် တစ်ခုအပါအဝင်ဖြစ်သည်။







