– “ရွေးကောက်ပွဲပျက်ရင် ဘာတွေဆက်ဖြစ်လာမလဲ” ဟု MT News က ပြုလုပ်ခဲ့သည့် Debate တွင် ပါဝင်ယှဉ်ပြိုင်သူများအနက် ကောင်းမွန်စွာဆွေးနွေးနိုင်သူသုံးဦးအား ကျပ် ၁ သိန်း ချီးမြှင့်

MT News Debate
၂၄. ၁၂. ၂၀၂၂

ဒီဇင်ဘာ ၂၀ ရက်မှ ၂၃ ရက်အထိ ကျင်းပခဲ့သည့် MT News သတင်းဌာန၏ ဒုတိယအကြိမ် Debate ကို “ရွေးကောက်ပွဲပျက်ရင် ဘာတွေဆက်ဖြစ်လာမလဲ” ခေါင်းစဉ်ဖြင့် ဆွေးနွေးခဲ့ရာ ပါဝင်ယှဉ်ပြိုင်သူ ရာနှင့်ချီရှိခဲ့ပြီး ဝင်ရောက်ငြင်းခုန်သူများလည်း ပိုမိုများပြားလာကာ အများစုကမူ ရွေးကောက်ပွဲပျက်စီးပါက တိုင်းပြည်အနေဖြင့် မှောင်အတိကျသွားနိုင်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေသစ်တစ်ရပ်ပေါ်လာနိုင်သလို တပ်မတော်မှ အာဏာဆက်လက်ရယူသွားနိုင်ကြောင်း ဝိုင်းဝန်းဆွေးနွေးခဲ့ကြသည်။

MT News သတင်းဌာနအနေဖြင့် SAC ကျင်းပပေးမည့် ရွေးကောက်ပွဲကို NUG က မပျက်ပျက်အောင် ဖျက်မည်ဆိုသည့် စကားကို အခြေခံကာ Debate ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အဆိုပါ Debate တွင် Thant Nay Soe အကောင့်ပိုင်ရှင်က “၁။ ရွေးကောက်ပွဲ ပျက်သွားရင် ဘာဖြစ်မလဲဆိုတော့ အစိုးရသစ်တစ်ရပ် တက်မလာနိုင်တော့ဘူး။ စစ်တပ်လက်အောက် တိုင်းပြည်ပြန်ရောက်မယ်။ အခု အကြမ်းဖက်နေတဲ့ NUG က တော်လှန်ရေးသမားစစ်စစ်ဖြစ်ပြီ။ စစ်တပ်ကလည်း ဥပဒေမပါဘဲ အုပ်ချုပ်နေတဲ့ အာဏာရှင်အစစ်လို ဖြစ်ပြီ။ ဒီတော့ တော်လှန်ရေးသမားတွေ ပိုပြီး လုပ်စားလို့ကောင်းမယ်။ ဒေါ်စုကြည်လိုလူ ထပ်မွေးလို့ရလာမယ်။ စစ်တပ်မုန်းတီးရေး တစ်ကျော့ပြန်မှိုင်းတိုက်လို့ရမယ်။ NLD မဲခိုးခဲ့သမျှ အပြီးတိုင်အာဏာသိမ်းတာနဲ့ ချေပစ်လိုက်သလိုဖြစ်လိမ့်မယ်။ တမင်အာဏာသိမ်းတာလို့ စွပ်စွဲခံရပြီး အရူးအမူး ထောက်ခံသူတွေကလွဲရင် လက်ရှိ ထောက်ခံသူတွေကိုပါ ဆုံးရှုံးရမယ်။ (ပထမလမ်းက စစ်တပ်အတွက် ထိချက်အပြင်းဆုံး) ။ ၂။ ရွေးကောက်ပွဲဖြစ်မြောက်သွားရင်တော့ အစိုးရသစ်တစ်ရပ်တက်လာမယ်။ လက်ခံသည်ဖြစ်စေ လက်မခံသည်ဖြစ်စေ ရွေးကောက်ခံအစိုးရကို အကြမ်းဖက်တော်လှန်ရင် ကိုယ့်သေတွင်းကိုယ်တူးတာပဲ။ ရွေးကောက်ပွဲ မဝင်နိုင်တဲ့အုပ်စုက ရေရှည်နိုင်ငံရေး လုပ်လို့မရဘူး။ (ဒုတိယနည်းက NUG အတွက် သတ်ကွင်းပဲ) ။ ၃။ ၂၀၂၃ ရွေးကောက်ပွဲက SAC ရဲ့ နိုင်ငံရေးထွက်ပေါက်တော့ မဟုတ်ပါဘူး။ ဖိအားတွေကတော့ ဆက်ရှိနေမှာပဲ။ ပါဝါအပျော့က အစကတည်းက အားနည်းနေပြီးသားပါ။ ဒီ ရွေးကောက်ပွဲက နိုင်ငံအတွက် လမ်းခင်းတာပေါ့။ လမ်းသစ်… စနစ်သစ်ပေါ့။ ၄။ ရွေးကောက်ပွဲပျက်သွားပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေသစ်တစ်ခု ပေါ်လာတာကျတော့ ခေါင်းဆောင်က တိုင်းပြည်အတွက် ဘယ်လောက် အမြော်အမြင်နဲ့ စေတနာရှိတယ်ဆိုတဲ့ပေါ် မူတည်ပါတယ်။ ဥပမာ – အမေရိကန်ရဲ့ Deep State လို၊ လူကြိုက်များတိုင်း သမ္မတမဖြစ်တဲ့ Electoral College လိုစနစ်တွေ ထပ်ဖြည့်လာလို့ရတယ်။ စစ်တပ်ရဲ့အဖွဲ့ခွဲ ထောက်လှမ်းရေးတွေ အဆင့်မြှင့်လို့ရတယ်။ အင်စတီကျူးရှင်းတွေ အခြေခိုင်အောင်လုပ်လို့ရတယ်။ လုပ်နိုင်တာက အများကြီးပါပဲ။ ဒီလိုမှမဟုတ်ဘဲ တိုင်းပြည်အပေါ် စေတနာမဲ့ခဲ့ရင်တော့ စိန်မျောက်မျောက် လက်သစ်တွေ ထပ်ပေါ်လာရုံပေါ့။ အနှစ်ချုပ်ရရင် မေးခွန်း (၁) (၂) (၃) က ဉာဏ်ရည်နဲ့ဆိုင်ပြီး (၄) ကတော့ စေတနာနဲ့ ဆိုင်ပါတယ်ခင်ဗျ” ဟုဆွေးနွေးခဲ့ရာ ထောက်ခံသူ ငြင်းဆန်သူများပြားပြီး Like & Reaction ၆၀၉ ခုဖြင့် ပထမဆု ကျပ် ၅၀၀၀၀ ကို ဆွတ်ခူးခဲ့သည်။

ထို့အတူ Royal Ko Ko အကောင့်ပိုင်ရှင်က “ နစက စတက်လာကတည်းက ရွေးကောက်ပွဲလုပ်ဖို့ပါ ကြိုပြင်ဆင်တယ်ဆိုတာ နစကရဲ့ရှေ့လုပ်ငန်းစဥ် ၅ရပ်အရ သိသာတယ်။ ဒါကြောင့်လည်း လူဦးရေစာရင်း၊ မဲပေးခွင့်စာရင်းတွေ အတိအကျ၊ ကျယ်ပြန့်စွာ လုပ်န်ိုင်အောင် လဝကမှူးတွေကို တိုင်း/ပြည်နယ်ဝန်ကြီး ရာထူးပေးပြီး ပန်းခင်းစီမံချက်နဲ့ သေချာလုပ်ခဲ့တယ်။ အခုလည်း မြေပြင်လူဦးရေစာရင်းကို ဇန်နဝါရီ ၉ ရက်ကနေ လကုန်အထိကောက်တော့မယ်။ ဒီစာရင်းတွေ ထွက်လာရင် UEC ကိုပေးမယ်။ Time frameအတိအကျပဲ။ သိရသလောက် မြေပြင်မှာ တနိုင်ငံလုံးစာရင်းအရ လူဦးရေ စာရင်းကောက်ဖို့ခက်ခဲတာ ၂၉ မြို့နယ်ပဲ သတ်မှတ်ထားတယ်။ ဒီတော့ ရွေးကောက်ပွဲ ဖြစ်အောင်လုပ်နိုင်လိမ့်မယ်။ ရွေးကောက်ပွဲ အောင်မြင်ရင် နိုင်ငံ့လမ်းကြောင်းမှန်ပေါ်ရောက်လိမ့်မယ်။ ရွေးကောက်ပွဲကိုလည်း နိုင်ငံရေးပါတီ ၉၅ ရာခိုင်နှုန်းလောက်က သဘောတူတယ်။ရွေးကောက်ပွဲကိုဖျက်ချင်တဲ့ NUG / CRPH ကလည်း အမျိုးမျိုး နှောင့်ယှက်မှာပဲ။ အာဏာထိန်းတုန်းကလည်း ပြန်လွှဲမှာမဟုတ်ဘူးလို့ လှုံ့ဆော်သလို၊ ပြန်လွှဲမယ်ဆိုတော့လည်း ခေါင်းစဥ်အမျိုးမျိုးတပ်စွပ်စွဲမှာပဲ။ NUG လမ်းကြောင်းက ရှေ့မတိုးသာ နောက်မဆုတ်သာ ဖြစ်နေပြီ။ အဆုံးစွန် လက်နက်ကိုင်ရမယ့် အခြေအနေ။
ကျွန်တော့်အမြင်အရ ရွေးကောက်ပွဲ ပျက်ခဲ့ရင် အကြမ်းဖက်မှုတွေ ပိုကြီးထွားလာလိမ့်မယ်။ နှစ်ဖက်လုံး ဆုတ်သာ တက်သာ အခြေအနေက ရွေးကောက်ပွဲပြီးနောက်ပိုင်း တက်လာတဲ့ အစိုးရနဲ့သာဖြစ်လိမ့်မယ်။ နစကရဲ့ ရွေးကောက်ပွဲက အောင်မြင်မယ်လို့ ယုံကြည်ပါတယ်” ဟု ဝင်ရောက်ဆွေးနွေးကာ ဒုတိယဆုကို Like & Reaction ၇၁ ခုဖြင့် ဆွတ်ခူးခဲ့သည်။

ထို့အတူ နေမျိုးသီဟ အကောင့်ပိုင်ရှင်က Like & Reaction ၆၉ ဖြင့် တတိယဆု ကျပ် ၂၀၀၀၀ ရရှိခဲ့ပြီး သူ၏ ဆွေးနွေးချက်မှာ “ရွေးကောက်ပွဲလုပ်မပေးရင် ဘာဖြစ်လာမလဲဆိုတာကို အုပ်စုကြီး ၃ ခုနဲ့ပဲ ခွဲခြားပြပါမယ်။ ၁။ NLD/NUG/PDF ။ နိုင်ငံတကာရဲ့ထောက်ပံ့မှုတွေကတစ်ဆင့် ဒီထက်ပိုပြီး အကြမ်းဖက်လာမယ်၊ အကြမ်းဖက်ရတဲ့ အကြောင်းပြချက်လည်း ခိုင်မာမှန်ကန်ကြောင်း လက်ခမောင်းခတ်နိုင်လာကြမယ်။ ဖြည်းဖြည်းချင်းတော့ လုံးပါးပါးသွားမယ်။ သူတို့အချင်းချင်းအဖွဲ့တွေကွဲထွက်ပြီး thet pyat ပွဲကြီး ဆင်နွှဲကြလိမ့်မယ်။ အဲဒီ They Pyat မှုတွေက တရားသော‌တော်လှန်ရေး စစ်ပွဲဆိုပြီး တပ်ကို လက်ညှိုးထိုးနိုင်ပါလိမ့်မယ်။ ၂။ တပ်မတော် ။ ဘာမှမဖြစ်ပါဘူး။ ၈၈ ကလို တောခိုတပ်ရင်းတွေလည်း ထွက်လာစရာအကြောင်းမရှိပါဘူး။ အဲဒီလိုပြောလို့ ပျော်မသွားပါနဲ့။ သူတို့ခေါင်းဆောင်နောက် ထပ်ကြပ်မကွာလိုက်တတ်တဲ့ ၈၈ က စစ်သားတွေ မဟုတ်ကြတော့ဘဲ ဘဝရှေ့ရေးနဲ့ စီးပွားရေးအမြင်ပိုရှိသွားကြလို့ပါပဲ။ ဘယ်တပ်စခန်းကိုမှလည်း လက်လွှတ်ခံစရာအကြောင်းမရှိပါဘူး။ ဖရဲသီး၊ သစ္စာမဲ့သူဗရပွနဲ့ ရှေ့မှာ ဟုတ် ဟုတ် ပြော။ နောက်ကွယ်မှာ လုပ်ချင်ရာလုပ်ကြမယ့် ခြကောင်တွေ၊ ပိုးကောင်တွေလို အတွင်းလှိုက်စားမှုတွေနဲ့ သင်္ကြန်အမြောက်ကြီး ဖြစ်သွားမှာပါ။ ၂၀၀၈ ‌ခြေဥကို ထိန်းသိမ်းစောင့်ရှောက်ပါမယ်ဆိုပြီး သစ္စာခံထားသမျှ သစ္စာပျက်ယွင်းသွားမှာဖြစ်လို့ တပ်မတော်သားတိုင်းကိုယ်စီ လိပ်ပြာလုံနိုင်ကြတော့မှာ မဟုတ်ပါ။ Professional Army ဘယ်တော့မှမဖြစ်နိုင်တော့ဘဲ တပ်မတော်ခေါင်းဆောင်တွေ သတ်မှတ်တဲ့ Standard စံနှုန်းတွေနဲ့ညီတဲ့ Standard Army ကြီးဘဝကို စာအုပ်တွေပေါ်မှာ လိမ်ဖယ်လိမ်ဖယ်နဲ့ ရောက်သွားတော့မှာပါ။ ၃။ ပြည်သူ။ ပြည်သူဆိုတာ၊ NLD လည်းမဟုတ်၊ တပ်မတော်သားလည်း မဟုတ်ပါဘူး။ သူတို့က ရှင်းရှင်းပြောရရင် ရွေးကောက်ပွဲ ဘာညာကို သိပ်အယုံကြည်ရှိတဲ့သူတွေ မဟုတ်ပါဘူး။ အေးအေးချမ်းချမ်း၊သာသာယာယာ၊ ဂုဏ်သိက္ခာရှိရှိ၊ ပျော်ပျော်ရွှင်ရွှင်၊ လုံလုံခြုံခြုံနေရရင် ရနေကြတဲ့သူတွေချည်းပဲ။ အဲ။ ရွေးကောက်ပွဲသာ မဖြစ်ခဲ့ရင်တော့ ပြည်သူတွေဘဝဟာ သောင်ပြင်မှာလွတ်တဲ့ ခွေးတွေလို တပ်မတော်သားမိသားစုတွေလိုလည်း လုံခြုံရေးအစောင့်အရှောက်နဲ့လည်း မနေနိုင်၊ PDF တွေလို လက်နက်ကလည်းမရှိ၊ PDF ခိုင်းတာလည်း လုပ်ရ၊ တပ်ကိုလည်း ကြောက်ရ၊ PDF ရဲ့ ဒလန် List ထဲလည်း ရောက်မှာစိုးရ၊ တပ်မတော်ရဲ့ ၅၀၅ ထဲလည်း ပါမှာစိုးရ၊ ပုဂံရောက်သလို၊ ဘုရားတွေအများကြီးနဲ့ ဘယ်သူ့ကိုရှိခိုးရမှန်းမသိနဲ့ လုံးဝ ငရဲဘုံရောက်ကြရမှာပါ။ ရွေးကောက်ပွဲကို ဘယ်သူလုပ်ပေးနိုင်လဲ? တပ်မတော်ခေါင်းဆောင်တွေကသာ လုပ်ပေးနိုင်ပါတယ်။ (တပ်မတော်ခေါင်းဆောင်နော်)။ ရွေးကောက်ပွဲကို ဘယ်သူက လုပ်စေချင်လဲ။ ၁။NLD/NUG/PDF က မလုပ်စေချင်ပါဘူး။၂။တပ်မတော်ခေါင်းဆောင်တွေက လုပ်စေချင်သလား? မလုပ်စေချင်သလား? ဆိုတာကတော့ နိုင်ငံအပေါ် ထားတဲ့စေတနာနဲ့ ကိုယ်ကျိုးအတ္တလွန်ဆွဲကြရမှာပါ။ ၃။ ပြည်သူတွေကတော့ စိတ်မဝင်စားပါဘူး” ဟု မှတ်ချက်ဖြင့် ဆွတ်ခူးခဲ့သည်။

MT News သတင်းဌာန၏ တတိယအကြိမ် Debate အား ဒီဇင်ဘာ ၂၇ ရက်တွင် ဆက်လက်ပြုလုပ်မည်ဖြစ်ပြီး ပထမအကြိမ်နှင့် ဒုတိယအကြိမ် Debate တွင် ပါဝင်ယှဉ်ပြိုင်ခဲ့သူများကို MT News အယ်ဒီတာအဖွဲ့က ကျေးဇူးတင်ပါကြောင်းနှင့် တတိယအကြိမ် ပြုလုပ်မည့် Debate တွင်လည်း ဆက်လက်ပါဝင်ဆင်နွှဲပေးပါရန် ဖိတ်ခေါ်အပ်ပါသည်။

MT News သတင်းဌာန၏ ပထမအကြိမ် Debate ကို ယခုလင့်ခ်တွင် ကြည့်ရှုနိုင်ပြီး
https://www.facebook.com/permalink.php?story_fbid=143872561770327&id=100084427521875

ဒုတိယအကြိမ် Debate ကိုမူ ယခုလင့်ခ်တွင် ကြည့်ရှုနိုင်မည်ဖြစ်ကာ

https://m.facebook.com/story.php?story_fbid=145929561564627&id=100084427521875&mibextid=Nif5oz

ဆုရရှိသူများအနေဖြင့် ယခုပိုစ့်တင်ပြီးချိန်မှ စတင်၍ ဆုငွေထုတ်ယူနိုင်မည်ဖြစ်သည်။

MT News အယ်ဒီတာအဖွဲ့

Leave a Reply

Your email address will not be published. Required fields are marked *