၂၄. ၁၂. ၂၀၂၂
Written by Pan Ei

ခရစ်စမတ်ရာသီအတွက် ဈေးဝယ်ထွက်ရင်း အလုပ်များနေကြသော ပြင်သစ်နိုင်ငံ ပါရီမြို့လယ်လမ်းမပေါ်ရှိ ကာ့ဒ် ယဉ်ကျေးမှုစင်တာနှင့် ဆံပင်အလှပြင်ဆိုင်ကို သောကြာနေ့ (ဒီဇင်ဘာ ၂၃ ရက်နေ့) မွန်းတည့်ချိန်က အသက် ၆၉ နှစ်အရွယ် သေနတ်သမားတစ်ဦးက ပစ်ခတ်မှုကြောင့် ကာ့ဒ်လူမျိုး ၃ ဦး သေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ပြီးနောက် ကာ့ဒ်ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့အကြား ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့သည်။

အဆိုပါ သေနတ်ပစ်ခတ်မှု ဖြစ်ပွားရာနေရာသို့ ရောက်ရှိလာသော ပြည်ထဲရေးဝန်ကြီး ဂျရယ်လ် ဒါမန်နင်ကို ကာကွယ်သည့် ရဲတပ်ဖွဲ့ အစောင့်အကြပ်များအား ဖြတ်ကျော်ရန် ဆန္ဒပြသူများက ကြိုးပမ်းခဲ့ရာ ယဉ်ကျေးမှုစင်တာအပြင်ဘက်မှ ရဲများက မျက်ရည်ယိုဗုံးများ အသုံးပြုကာ လူစုခွဲခဲ့ရကြောင်း သိရသည်။

ဆန္ဒပြသူများသည် အမှိုက်ပုံးများ၊ အရာဝတ္ထုများကို မီးရှို့ကာ အတားအဆီးသဖွယ် ပိတ်ဆို့ တပ်ဆင်ခြင်းများ ပြုလုပ်ခဲ့ပြီး အနီးပတ်ဝန်းကျင်သို့ အုတ်ခဲများဖြင့် ပစ်ပေါက်ခြင်းကြောင့် ရပ်ထားသည့် ကားများအပြင် ရဲကားများ၏ ပြတင်းပေါက်များ ကွဲသွားခဲ့ရကြောင်း သိရသည်။

အချို့သော ဆန္ဒပြသူများသည် အန်ကာရာ၊ ဥရောပသမဂ္ဂနှင့် အခြားသူများက အကြမ်းဖက်သမားအဖြစ် သတ်မှတ်ထားသော ကာဒစ်စတန် အလုပ်သမားများပါတီ (ပီကေကေ) ကို ထောက်ခံသည့် ဆောင်ပုဒ်များကို ကြွေးကြော်နေခဲ့ကြသည်။

Center Ahmet Kaya ဟုခေါ်သော အဆိုပါစင်တာကို ဂီတဖျော်ဖြေပွဲများနှင့် ပြပွဲများ စီစဉ်ပေးသည့် ပရဟိတအဖွဲ့မှ အသုံးပြုပြီး ပါရီဒေသရှိ ကာ့ဒ်လူမျိုး ရွှေ့ပြောင်းနေထိုင်သူများကို ကူညီပေးသည်။

သေနတ်ဖြင့် ပစ်ခတ်သူသည် အငြိမ်းစားရထားမောင်းနှင်သူတစ်ဦးဖြစ်ပြီး နိုင်ငံခြားသားများကို ပစ်မှတ်ထားခဲ့ကြောင်း ဒါမန်နင် က အခင်းဖြစ်ပွားရာနေရာတွင် သတင်းထောက်များအား ပြောကြားခဲ့ပြီး အဆိုပါအမျိုးသားသည် ကာဒ့်လူမျိုးများကို ပစ်ခတ်ရန် ရည်ရွယ်ထားခြင်းမှာ မသေချာကြောင်း ထပ်လောင်းပြောကြားခဲ့သည်။

Ref; CNA

Leave a Reply

Your email address will not be published. Required fields are marked *

Related News